ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၄၈) ၌ လက်ဖက်ရည်နှင့် မုန့်များကို စားသောက်ပြီး ပိုက်ဆံမရှင်းဘဲ ထွက်သွားသော သူများကို အရေးယူပေးရန် စားပွဲထိုးက တောင်းဆိုပုံအကြောင်းကို ရေးဖွဲ့ထားသည့် “တာတေနှင့် မိုက်တီးရွှေအ” မျက်နှာဖုံးဇာတ်လမ်း၊ ပလတ်စတစ်အိတ်တစ်လုံးကြောင့် အန္တရာယ်က လွတ်မြောက်ရပုံအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးလုံး-တစ်ဆိတ်တစ်အိတ်” နှစ်မျက်နှာကာတွန်း၊ ဆရာမကမေးသော သင်္ချာပုစ္ဆာ၏အဖြေကို ဟာသဖြစ်ဖွယ် ဖြေကြားထားပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ပေစိ-ခေါင်းကိုက် ဝေဒနာ” တစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် အနိုင်ကျင့်တတ်သော ဖိုးဇော်သည် သူငယ်ချင်းများ၏ ပညာပေးခြင်း ခံရပုံအကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးဇော်” နှစ်မျက်နှာ ကာတွန်းနှင့် “ဖိုးရှုပ်နှင့် သံသယ” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် အင်တာနက်အသုံးပြုမှုကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သကဲ့သို့ ဆိုးကျိုးများ လည်းဖြစ်စေနိုင်သဖြင့် သတိပြုသုံးစွဲသင့်ပုံအကြောင်းကို ရေးသားတင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် သင်းယု၏ သူတစ်ပါးပျော်ရွှင်စေရန် အကူအညီပေးခဲ့ပုံအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့အပြင် ရုပ်ပုံခြောက်ပုံထဲမှ တူသောပုံနှစ်ပုံကို ကလေးတို့ မျက်စိလျင်လျင်ဖြင့် ရှာကြည့်နိုင်မည့် “ရွှေသွေးတို့ ပျော်စရာ” ပဟေဠိကဏ္ဍနှင့် “ကိုရွှေဖား” ကဗျာကို စန္ဒရားဖြင့် တီးခတ်နိုင်ရန် သံစဉ်များဖြင့် တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် အကြိုက်နှစ်သက်ဆုံးသော အနုပညာလက်ရာအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန် ပြောဆိုပုံအချို့ကို Conversation Questions and Answers ခေါင်းစဉ်ဖြင့် လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။