ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ နို၀င်ဘာလ ၂၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၄၇) ၌ ချွေးမနှစ်ယောက်၏ ဉာဏ်ပညာအတိမ်အနက်ကို စမ်းသပ်သည့် အဘွားအိုအကြောင်းကို ရေးဖွဲ့ထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ မြန်မာပညာရှိ အမတ်ကြီးဉီးပေါ်ဉီးအကြောင်းကို ရေးဖွဲ့ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ သူတစ်ပါး၏ အကူအညီကို ရယူရပုံနှင့် သူတစ်ပါးကို ကူညီသင့်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ မုန့်ဖိုးပိုရလိုသော မောင်လေးကို ကလေးအတွေးဖြင့် အကြံပေးသည့် ဖူးငယ်တို့ မောင်နှမအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် တစ်မျက်နှာဇာတ်လမ်းနှင့် နားကြပ်တပ်၍ လမ်းလျှောက်ပါက အန္တရာယ်များပုံ အကြောင်းကို ကလေးများ သတိပြုဆင်ခြင်နိုင်ရန် တင်ပြထားသည့် တစ်မျက်နှာဇာတ်လမ်းတို့ ပါဝင်ပါသည်။
ယခုတစ်ပတ်တွင် “စာဆိုပွဲမှသည်” ကဗျာရှည်ကို သရုပ်ဖော်ပုံများနှင့် ဝေဝေဆာဆာဖော်ပြထားပြီး သုတ ဆောင်းပါးကဏ္ဍတွင် ငှက်တို့၏ အစာအမျိုးမျိုးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် သူတစ်ပါး၏ ကျေးဇူးသစ္စာကို စောင့်သိ၍ ပြန်လည် ကျေးဇူးဆပ်သင့်ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ဉာဏ်စမ်းကဏ္ဍတွင် ပစ္စည်းကိရိယာ ၁၅ မျိုး၏ အင်္ဂလိပ်အမည်မှန်ကို ဖော်ထုတ်နိုင်ရန် ဖော်ပြပေးထားပါသည်။
ယခုတစ်ပတ် အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍတွင် မေးခွန်းဝါကျနှင့် အငြင်းဝါကျပြောင်းနည်းဆိုင်ရာ သင်ခန်းစာများကို ပြန်လည်လေ့ကျင့်နိုင်ရန် နမူနာဝါကျများနှင့်တကွ တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။