ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၄၂) ၌ ဘကြီးကျော်၏ စေတနာအကျိုးပေးပုံအကြောင်းကို သရုပ်ဖော်ထားသော “ပြာဂလောင်ပြာလချောင်- စေတနာအကျိုး” မျက်နှာဖုံးဇာတ်လမ်း၊ ကတိပေးပြီးပါက ကတိတည်ရန် လိုအပ်ကြောင်းကို သရုပ်ဖော်ထားသော “စိန်မျောက်မျောက်-ကတိ” နှစ်မျက်နှာဇာတ်လမ်း၊ ဖုန်းကို အလွန်အကျွံသုံးစွဲမိရာက အနီးအနားပတ်ဝန်းကျင်ကိုပင် သတိမမူမိပုံအကြောင်းကို သရုပ်ဖော်ထားသော “ကိုကိုညီညီ” တစ်မျက်နှာဟာသ ဇာတ်လမ်း၊ ဆေးလိပ်သောက်ခြင်းမှ ရရှိလာနိုင်သော ဆိုးကျိုးများအကြောင်းကို သရုပ်ဖော်ထားသော “ဆေးလိပ်အန္တရာယ်” နှစ်မျက်နှာဇာတ်လမ်းနှင့် သူတစ်ပါးအပေါ်တွင် မကောင်းကြံပါက မိမိတွင်လည်း မကောင်းကျိုးအရင်ပေးတတ်ပုံအကြောင်းကို သရုပ်ဖော်ထားသော “ဆုတောင်း” တစ်မျက်နှာ ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် နို့တိုက်သတ္တဝါများအကြောင်းကို ကလေးတို့အတွက် ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ဒေသန္တရ ဗဟုသုတပေးသော ကလိုမူးကို ကျေးဇူးတင်မိပုံအကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ရေနံ၏အသုံး၀င်ပုံအကြောင်းကိုလည်း ကလေးတို့ဖတ်ရှုမှတ်သားနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် အငြင်းဝါကျပြောင်းနည်းနှင့်ဆိုင်သော သင်ခန်းစာသစ်အချို့ကို တင်ဆက် ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။