ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၄၁) ၌ သီတင်းကျွတ်အချိန်အခါတွင် လူကြီးမိဘတို့ အား ကန်တော့ပုံအကြောင်းကို တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ မိမိ၏ စည်းကမ်းမဲ့မှု ကြောင့် မိမိကိုယ်တိုင်နှင့် သူတစ်ပါးတို့အား ဒုက္ခရောက်နိုင်ပုံအကြောင်းကို တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ ဆေးလိပ်သောက်ခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းကို တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ကာတွန်းသူရ၏ ‘ကျောက်ခေတ်ကမ္ဘာ’ တစ်မျက်နှာဟာသဇာတ်လမ်းတို့ ပါဝင်ပါသည်။
ယခုတစ်ပတ်တွင် အထူးကဏ္ဍအနေဖြင့် ‘ဆီမီးထိန်ထိန် ဝါကျွတ်ချိန်’ ကဗျာကို သရုပ်ဖော် ရုပ်ပုံများဖြင့် ဝေဝေဆာဆာတင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် မိဘ၏ ဆုံးမစကားကို နာခံကာ ပြုမူဆောင်ရွက်ခဲ့၍ ကောင်းကျိုးများရခဲ့သော မောင်သီဟအကြောင်းကို ကလေးများ အတုယူဖွယ် တင်ဆက်ထား ပါသည်။ ထို့ပြင် ကလေးများ လိုက်နာကျင့်သုံးအပ်သော ‘ပြည်သူ့နီတိ’၊ ‘လောကနီတိ’ နှင့် ရုပ်ပုံအတွင်း၌ ပျောက်ဆုံးနေသော ပစ္စည်းများကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် ‘ဘယ်သူမျက်စိ ပိုလျင်သလဲ’ ကဏ္ဍတို့ကို ထည့်သွင်း ဖော်ပြထားပါသည်။
အင်္ဂလိပ်စာစကားဝိုင်းကဏ္ဍတွင် မည်သည့်လုပ်ငန်းတွင် ဆောင်ရွက်နေကြောင်းနှင့် မိမိ၏ လုပ်ငန်းအတွေ့အကြုံများအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံကို ‘Conversation Questions and Answers’ ခေါင်းစဉ်ဖြင့် တင်ဆက်ထားပြီး အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် ဝါကျအဆုံး၌ preposition (ဝိဘတ်) ထည့်၍ မေးခွန်းဝါကျပြုလုပ်နည်းတို့နှင့် သက်ဆိုင်သည့် လေ့ကျင့်ခန်းများ ကို တင်ဆက်ထားရာ ကလေးများ ဂရုတစိုက်လေ့လာမှတ်သား ထားပါက အမှန်တကယ်အကျိုး ရှိမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။