ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၄၀) ၌ ဒေါ်အေးချစ်၏ ကျွဲကို ကျွဲသောင်းကျန်းအထင်ဖြင့် မှား၍ပစ်မိပုံ အကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် ကျွဲသောင်းကျန်း” မျက်နှာဖုံးဇာတ်လမ်း၊ အလုပ်ကို လက်ကြောတင်းအောင်မလုပ်ဘဲ အချောင်ခိုခြင်းသည် နောက်ဆုံးတွင် ဒုက္ခနှင့်ရင်ဆိုင် ရတတ်ပုံအကြောင်းကို သရုပ်ဖော်ထားသော “ပျားပျင်းလေးရဲ့နောင်တ” နှစ်မျက်နှာဇာတ်လမ်း၊ သေရည်သည် သတ္တ်ဝါတို့ကို အသက်အန္တရာယ်ရှိစေနိုင်ကြောင်းကို သရုပ်ဖော်ထားသော “သေရည် ဆိုးကျိုး” နှစ်မျက်နှာ ဇာတ်လမ်းနှင့် “ရွှေတိုး” တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် အသံသာယာသောငှက်များအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍ အနေဖြင့် မောင်အေးကြည်သည် လိမ္မာပါးနပ်သော အသိပညာပေးခြင်းနှင့်အတူ မှန်ကန်သော ယုံကြည်မှုနှင့်သဒ္ဓါတရားကို အောင်အောင်၏ ရင်တွင်းနှလုံးသားတိုင်အောင် အရောက်ပို့နိုင်ခဲ့ပုံ အကြောင်းကို ရေးသားတင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် “ဘာကောင်လေးလဲ” ကဏ္ဍနှင့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည်တိုးတက်စေရန် ရည်ရွယ်သည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် အကြိုက်နှစ်သက်ဆုံးသော ဆက်သွယ်ရေးနည်းလမ်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံအချို့ကို လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာအခြေခံ အတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် မေးခွန်းဝါကျ (question) နှင့် အငြင်းဝါကျ (negative) ပြောင်းနည်းနှင့်ဆိုင်သော လေ့ကျင့်ခန်းသစ်အချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ်
မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့်
စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊
ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။