ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၃၉)၌ တေမိယမင်းသားငယ်၏ သူတော်ကောင်းစိတ်ရှိပုံအကြောင်းကို သရုပ်ဖော် ထားသော ‘တေမိယကုမ္မာ’ မျက်နှာဖုံးဇာတ်လမ်း၊ မိမိဘဝအောင်မြင်ကြီးပွား တိုးတက်ရန်အတွက် ကျန်းမာရေး၊ စည်းကမ်းနှင့် ကိုယ်ကျင့်တရားကောင်းများ ထားရှိနိုင်ရေးသည် အရေးကြီးကြောင်းကို သရုပ်ဖော်ထားသည့် “တာတေပါဝင်သော အရေးကြီးဆုံး” နှစ်မျက်နှာဇာတ်လမ်း၊ အရာရာတွင် အန္တရာယ်ကင်းစေရန် Safety First ကို လိုက်နာရန် လိုအပ်ကြောင်းကို သရုပ်ဖော်ထားသော “ဖိုးသား” နှစ်မျက်နှာဇာတ်လမ်းနှင့် မြန်မာအားကစား ကမ္ဘာကိုလွှမ်းစေရမည်ဟူသော ဆောင်ပုဒ်အတိုင်း လှေလှော်ပြိုင်နေသော အသင်းများ ကို သွားအားပေးမည့် ရိုးရိုးလေးတို့ သူငယ်ချင်းများအကြောင်းကို တင်ဆက်ထားသည့် တစ်မျက်နှာ ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကလေးများအနေဖြင့် စာသင်ကြားရုံတင်မကဘဲ မိမိတို့ ဝါသနာပါရာ ကစားနည်းများကို ကစားခြင်းဖြင့် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်နိုင်မည့် အကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မိမိထက်ခွန်အားနည်းသူကို သနားညှာတာသင့်ပုံ အကြောင်းကို ရေးဖွဲ့တင်ဆက်ထားပါသည်။ ထို့ပြင် မလေးရှားနိုင်ငံရှိ လည်ပတ်ချင်စရာကောင်းသော နေရာတချို့ အကြောင်းကိုလည်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍ၌ မီးဖိုချောင်သုံးကိရိယာ အချို့၏ အမည်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် တင်ဆက်ထားရာ ဂရုတစိုက် မှတ်သားထားမည်ဆိုပါက ကလေးများ၏ အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝလာမည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားဝိုင်း ကဏ္ဍတွင် မိမိအကြိုက်နှစ်သက်ဆုံး နိုင်ငံရေးသမားနှင့်ပတ်သက်၍ အပြန်အလှန် ပြောဆိုပုံအချို့ကို Conversation Questions and Answers ခေါင်းစဉ်ဖြင့် လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာ အခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် အကူကြိယာ (helping verb) နှင့် တွဲရေးထားသော ဝါကျများကို မေးခွန်းဝါကျနှင့် အငြင်းဝါကျပြောင်းခြင်းဆိုင်ရာ သင်ခန်းစာသစ်အချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။