ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၃၆) ၌ လောဘစိတ်ကြောင့် မိမိတွင် အစာစားရန် အချိန်လွန်ခဲ့ရသော တင်ကျီးငှက်အကြာင်းကို သရုပ်ဖော်ထားသည့် "ဝမ်းစာ" မျက်နှာဖုံးဇာတ်လမ်း၊ မိမိပစ္စည်းကို မိမိကိုယ်တိုင်မရိုသေပါက ဒုက္ခရောက်တတ်ပုံအကြောင်းကို သရုပ်ဖော်ထားသော "ကိုယ့်ပစ္စည်းကိုယ်ရိုသေမှ" နှစ်မျက်နှာဇာတ်လမ်း၊ "ဖိုးလုံး" နှစ်မျက်နှာ ဇာတ်လမ်းနှင့် "အာတူးနှင့် လိပ်ပု" တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် တိုးနရားအကြောင်းသိကောင်းစရာများကို ဗဟုသုတဖြစ်ဖွယ် ရေးသား တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် ကလေးတို့အနေဖြင့် ငယ်ရွယ်စဉ်အချိန်တွင် ကျောင်းမှန်မှန်တက်ကာ ပညာကိုသာ လေ့လာဆည်းပူးသင့်ပုံအကြောင်းကို ရေးသားတင်ဆက် ထားပါသည်။ ထို့ပြင် စက်တင်ဘာလအတွင်း ကျရောက်သော ထူးခြားထင်ရှားနေ့ရက်များ အကြောင်းနှင့် ဆေးရောင်လှလှခြယ်ရအောင်ကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါ သည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုး အကြောင်းကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။ အင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် အကြိုက်နှစ်သက်ဆုံးသော ကော်ဖီဆိုင်နှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံအချို့ကို လေ့လာနိုင်မည်ဖြစ်ပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေး အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် verb to do ၏ V1 (present) နှင့် V2 (past) တို့ဖြင့် ရေးသားထားသော ဝါကျကို 'လား' မေးခွန်းပြောင်းခြင်းနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။