ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၃) ၌ စည်းကမ်းရှိသော လွတ်လပ်ရေးဖြစ်ရန် ပညာပေး တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ သူတစ်ပါးကို မကောင်းကြံပါက မိမိတွင်လည်း ဘေးဒဏ်ထိတတ်ပုံကို ပညာပေးထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် သည်းခံသင့် သည့် ကိစ္စရပ်များကို သည်းခံရမည်ဖြစ်ကြောင်း ပုံဖော်တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း အပြင် ဆရာချစ်မင်းလူ၏ တုံတုံတစ်မျက်နှာဟာသဇာတ်လမ်းတို့ကိုလည်း ဖတ်ရှုရမည် ဖြစ်ပါသည်။
မြန်မာစာစကား၀ိုင်းကဏ္ဍတွင် 'လေ့လာမှတ်သား ဆိုရိုးစကား(၂)'ခေါင်းစဉ်ဖြင့် ဘကြီးဉာဏ်တို့ ဆရာတပည့်တစ်စု ဝိုင်းဖွဲ့ဆွေးနွေးပုံဖြင့် တင်ဆက် ထားပြီး ပုံပြင်ကဏ္ဍတွင် လုံ့လဝီရိယ ရှိခြင်းဖြင့် အောင်မြင်မှု ရရှိနိုင်ကြောင်း ရသမြောက်စွာ တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ဗဟုသုတ တိုးပွားစေရန် ရန်ကုန်မြို့ အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားပါသည်။
ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍတွင် တိရစ္ဆာန်အချို့၏ အဖိုအမအမည်များကို ရုပ်ပုံများဖြင့် ယှဉ်တွဲဖော်ပြထားရာ ကလေးတို့ အလွယ်တကူ မှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် မိမိအား ပညာသင်ကြားပေးခဲ့သော ဆရာများနှင့် ပတ်သက်၍ ပြောဆိုရာ၌ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံ အတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Simple Past tense ' နှင့် 'Simple Perfect tense' ခေါင်းစဉ်တို့ဖြင့် အခန်းဆက်လေ့ကျင့်ခန်းများကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။