ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၁)၊ အမှတ်(၂၈)၌ မိမိ၏ရွာသားများအတွက် အသက်ပေးပြီး ကယ်တင်သွားခဲ့သော နေမျိုးဗလနှင့် စီးတော်မြင်းကြီး တိမ်ပျံအား ဂုဏ်ပြုပုံအကြောင်းကို သရုပ်ဖော်ထားသော “မော်ကွန်းတင်သည့် အာဇာနည်” မျက်နှာဖုံးဇာတ်လမ်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးအား မမေ့သင့်ပုံ အကြောင်းကို သရုပ်ဖော်ထားသော “မမေ့သင့်သော နေ့တစ်နေ့” နှစ်မျက်နှာဇာတ်လမ်း၊ ဘုရင်ကြီးထံမှ ဆုတော်များ ချီးမြှင့်ခြင်းခံရသော ပုဏ္ဏားအကြောင်းကို သရုပ်ဖော်ထားသည့် “အကြံပိုင်တဲ့ ပုဏ္ဏား” နှစ်မျက်နှာဇာတ်လမ်းနှင့် “ဖူးငယ်နှင့် ပြူးကျယ်” တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
အခုတစ်ပတ်တွင် အထူးကဏ္ဍအနေဖြင့် “မင်္ဂလာနံနက်ခင်း” ကဗျာကို စန္ဒားရားဖြင့် တီးခတ်နိုင်မည့် သံစဉ်များ ထည့်သွင်းဖော်ပြထားပါသည်။ ဝတ္ထုကဏ္ဍတွင် စာဖတ်ရာ၌ ဇွဲကောင်းလွန်းသော ဖိုးသက်၏အကြောင်းကို ရသမြောက်ဖွယ် ရေးသားထားပါသည်။ ထို့အပြင် ကလေးများကို အသိအလိမ္မာတိုးစေမည့် ပြည်သူ့နီတိ၊ လောကနီတိကဏ္ဍနှင့် ကလေးများကိုယ်တိုင် ရေးဆွဲနိုင်မည့် “ဘာပုံလေး ဖြစ်မလဲ” ကဏ္ဍတို့ကလည်း တင်ဆက်ထားပါသည်။
ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာငါးမျိုးအကြောင်းကို လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြောကဏ္ဍအနေဖြင့် ‘conversation questions and answers’ ခေါင်းစဉ်ဖြင့် အလုပ်၊ သက်မွေးမှုလုပ်ငန်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံအချို့ကို လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် simple past passive နှင့် present continuous passive အသုံးတို့နှင့် ပတ်သက်၍ လေ့ကျင့်ခန်းအသစ်များကို ကလေးတို့ လေ့ကျင့်မှတ်သားနိုင်စေရန် တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။