ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၂၇) ၌ ဦးခြူကြီး၏ ကိုလာကို ကော်ဘူးစမ်းမရှူကြည့်မိစေရန် သတိပေးထားသော ‘စမ်းမကြည့်နဲ့’ မျက်နှာဖုံးဇာတ်လမ်း၊ စိန်မျောက်မျောက်၏ မေ့လျော့ပုံကို ဟာသဖြစ်ဖွယ် သရုပ်ဖော် ထားသော ‘မေ့… မေ့… မေ့’ နှစ်မျက်နှာဇာတ်လမ်း၊ မိမိ အထင်ကြီးမှုရရှိရန် လုပ်ဆောင်သော အပြုအမူများ သည် အခြားသူများအပေါ်တွင် အနှောင့်အယှက်ဖြစ်စေပုံအကြောင်းကို သရုပ်ဖော်ထားသော ‘နွားဝယ်သည့် ပညာရှိ’ နှစ်မျက်နှာဇာတ်လမ်းနှင့် အာတူး၏ ညအချိန်ကျမှ သူ့အမေထံတွင် မုန့်ဖိုးတောင်းပုံကို သရုပ်ဖော်ထားသော ‘အာတူး-အိပ်မက်’ တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ဇွဲမလျှော့ဘဲ ကြိုးစားပါက နောက်ဆုံးတွင် အောင်မြင်မှုကို ဆွတ်ခူး ရရှိနိုင်ပုံအကြောင်းကို ရေးသားတင်ဆက် ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ပညာရှိသူတော်ကောင်းတို့သည် မိမိတို့၏ အမှားကို ဝန်ခံရဲသော သတ္တိရှိပုံအကြောင်းကို ရေးဖွဲ့တင်ဆက်ထား ပါသည်။ ထို့ပြင် ဇူလိုင်လအတွင်း ကျရောက်သော ထူးခြားထင်ရှားနေ့ရက်များကဏ္ဍနှင့် ကလေးတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်မည့် ဆေးရောင် လှလှ ခြယ်ကြရအောင်ကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။
ရွှေသွေးဝေါဟာရကမ္ဘာကဏ္ဍတွင် စားစရာအချို့၏အမည်များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြော စွမ်းရည်တိုးတက်စေရန် ရည်ရွယ်သည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် ‘conversation questions and answers’ ခေါင်းစဉ်ဖြင့် အီလက်ထရွန်နစ်စနစ်သုံး ပြန်ကြားဆက်သွယ်ရေးနှင့်ပတ်သက်၍ အပြန်အလှန်ပြောဆိုသုံးနှုန်းပုံ အချို့ကို လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် ‘future passive’ နှင့် ‘simple past passive’ အသုံးတို့နှင့်ပတ်သက်၍ လေ့ကျင့်ခန်းများကို လေ့လာမှတ်သား နိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။