ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၂၆)၌ မိမိနှင့်စိတ်သဘောထားမတူသောသူနှင့် တွေ့ရှိပါက သတိပြုနေထိုင်တတ်စေရန်နှင့် မိတ်ဆွေ သူငယ်ချင်းများအနေဖြင့် မကောင်းသောအပြုအမူများပြုလုပ်ပါက မိမိလည်း လိုက်ပါမဆောင်ရွက်မိ စေရန် သတိထားဆင်ခြင်သင့်ပုံအကြောင်းကို သရုပ်ဖော်ထားသော “မပေါင်းသင်းအပ်တဲ့ မိတ်ဆွေ” မျက်နှာဖုံးဇာတ်လမ်း၊ လောဘစိတ်ကြောင့် စဉ်စားဆင်ခြင်ဉာဏ်ပျောက်သွားသော မျောက်အကြောင်းကို သရုပ်ဖော်ထားသည့် “မျောက်ရဲ့လောဘ” နှစ်မျက်နှာဇာတ်လမ်း၊ လူတွေကို ဒုက္ခဖြစ်စေသော မူးယစ်ဆေးဝါးများသည် ခါးသောအရသာရှိပုံအကြောင်းကို သရုပ်ဖော်ထားသော “ရွှေချည်ဇာနှင့် မူးယစ်ဆေး” နှစ်မျက်နှာဟာသဇာတ်လမ်းနှင့် “အားနေတာ ဘယ်သူလဲ” တစ်မျက်နှာ ဇာတ်လမ်းတို့ကို ဖတ်ရှုရမည် ဖြစ်ပါသည်။
သုတကဏ္ဍတွင် ကမ္ဘာ့အကြီးဆုံးသတ္တဝါငါးမျိုးအကြောင်းကို တင်ဆက်ထားပါသည်။ ၀တ္ထုကဏ္ဍ အနေဖြင့် ဇော်ဇော်သည် သူ၏အငြင်းသန်မှုကြောင့် ကစားဖော်များက ဝိုင်းပယ်ကာ မကစားရဘဲ နေရမည်ကို စိုးရိမ်သောကြောင့် အငြင်းမသန်တော့ပုံအကြောင်းကို ရေးသားတင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် “ရှာဖွေလေလေ တွေ့ရှိလေလေ” ကဏ္ဍနှင့် “ရွက်လှေပုံလေးခေါက်ကြစို့” ကဏ္ဍတို့ကို တင်ဆက်ထားပါ သည်။
ကလေးတို့အတွက် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာငါးမျိုးကို လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် ‘conversation questions and answers’ ခေါင်းစဉ်ဖြင့် လည်ပတ်ကြည့်ရှုခဲ့ပြီးသော အထင်ကရ အဆောက်အအုံအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုသုံးနှုန်းပုံအချို့ကို¬ တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် simple present passive နှင့် ဆိုင်သော လေ့ကျင့်ခန်းသစ်များကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။