ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက် စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၂၅)၌ ကလေးများအနေဖြင့် သူတစ်ပါးအား သည်းခံစိတ်မွေးမြူနိုင်ရန် တင်ဆက်ထားသည့် လေးမျက်နှာဇာတ်လမ်း၊ ပုံတုံတုံ၏ ခရာမှုတ်သံကြောင့် မီးဘေးအန္တရာယ်မှ ကင်းလွတ်သွားသော ရွာကလေးအကြောင်းကို သရုပ်ဖော်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ ဉာဏ်ကောင်းသော ဘုန်းဉာဏ်သာအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် ‘ဘုန်းဉာဏ်သာနှင့် ရှိတ်စပီးယား’ နှစ်မျက်နှာဇာတ်လမ်းနှင့် ကိုကျော်ကြံခင်း၏ ‘စိတ်’ တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက် ထားပါသည်။
ယခုတစ်ပတ်တွင် အထူးကဏ္ဍအနေဖြင့် ‘အရုဏ်ဆွမ်း’ ကဗျာကို စန္ဒယားဖြင့် တီးခတ်နိုင်မည့် သံစဉ်များလည်း ထည့်သွင်းဖော်ပြထားပါသည်။ ပုံပြင်ကဏ္ဍတွင် သူတစ်ပါးကို မကောင်းကြံပါက မိမိတွင်လည်း မကောင်းမှုအကျိုးခံစားရပုံကို ရေးဖွဲ့တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ အနေဖြင့် ကြက်တူရွေးပုံလေးရရှိအောင် အဆင့်ဆင့်ဆက်ဆွဲနိုင်မည့် ‘ကာတွန်းပုံအဆင့်ဆင့် ဆွဲကြမယ်’ ကဏ္ဍနှင့် ရုပ်ပုံထဲတွင် ပျောက်ဆုံးနေသော ပစ္စည်းလေးများကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် ‘ဘယ်သူမျက်စိ ပိုလျင်သလဲ’ ကဏ္ဍတို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ တွင် မြန်မာမုန့်အချို့၏ အမည်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ရွှေသွေး စကားဝိုင်းကဏ္ဍတွင် ‘Conversation questions and answers’ ခေါင်းစဉ်ဖြင့် ရုပ်မြင်သံကြားအစီအစဉ် များ ကြည့်ရှုခြင်းနှင့်ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံအချို့ကို တင်ဆက်ထားပြီး ကလေးများ၏ အင်္ဂလိပ်စာအခြေခံကို တိုးတက်စေမည့် အင်္ဂလိပ်သဒ္ဒါ ကဏ္ဍ၌ ‘passive voice’ အကြောင်းကို နမူနာ ဝါကျများဖြင့် လေ့လာမှတ်သားဖွယ် တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး အမှန်တကယ် တိုးတက်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊
၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။