ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၂၃) ၌ မိမိပတ်၀န်းကျင်ရှိ အရိပ်ရအပင်များနှင့် သဘာ၀ပတ်၀န်းကျင်အား ထိန်းသိမ်းသင့်ပုံအကြောင်း ကို တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ အရက်သေစာသောက်သုံးခြင်း၏ ရလဒ်ဆိုးကျိုးများကို တင်ဆက်ထားသည့် နှစ်မျက်နှာ ဇာတ်လမ်းနှင့် မိမိမနှစ်သက်သည့်အရာများကို သူတစ်ပါးအားလည်း မပြုလုပ်သင့်သည်ကို တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ ကာတွန်းမောင်ရွှေ၀င်း၏ ‘ကလေးအတွေး’ တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို ဖတ်ရှုရမည် ဖြစ်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ‘နွေသင်တန်းတွင် ဘာတွေသင်’ ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် အလှအပတွင်သာ ယစ်မူးမနေဘဲ မိမိတို့တတ်သိအပ်သည့် ပညာ များကို လေ့လာသင်ယူသင့်ကြောင်း ပညာပေးတင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ လိုက်နာ ကျင့်သုံးအပ်သည့် ပြည်သူ့နီတိ၊ လောကနီတိတို့ကို တင်ဆက်ထားပြီး ရုပ်ပုံကလေးရရှိအောင် အစက်ကလေးများကို ဆက်ဆွဲနိုင်မည့် ‘dot to dot’ ကဏ္ဍကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ၌ မြန်မာမုန့်အချို့၏ အမည်များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် ‘conversation questions and answers’ ခေါင်းစဉ်ဖြင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်း ကာကွယ်မှုနှင့်ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံအချို့ကို တင်ဆက်ထားပြီး ကလေးများ၏ အခြေခံအင်္ဂလိပ်စာကို တိုးတက်စေမည့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် ‘modal verb’ (အကူကြိယာ) အကြောင်းကို အခန်းဆက် လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။