ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မေလ ၂၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၂၁) ၌ အဖေနှင့် သားတို့၏ ဘဏ်သို့ ငွေစုဘဏ်စာရင်းသွားဖွင့်ဖြစ်ပုံအကြောင်းကို သရုပ်ဖော်ထားသော ‘ဘဏ်သို့ ခရီးတစ်ခေါက်’ မျက်နှာဖုံးဇာတ်လမ်း၊ ကျောင်းမှန်မှန်တက်လျှင် သင်ခန်းစာများကို ကောင်းမွန်စွာသင်ကြားလေ့လာနိုင်ကြောင်း မိသဲသိရှိသွားပုံကို သရုပ်ဖော်ထားသော‘မိသဲပါ၀င်သည့် ကျောင်းတက်မှန်ပါစေ’ နှစ်မျက်နှာ ဇာတ်လမ်း၊ ကိုယ့်ကိုယ်ကိုအထင်ကြီးမိရာက အသက်ဘေးနှင့် တွေ့ကြုံရသော လိပ်အကြောင်း သရုပ်ဖော်ထားသော ‘ဘဝင်မြင့်တဲ့ လိပ်’နှစ်မျက်နှာဇာတ်လမ်းနှင့် ဖိုးရှုပ်၏ လူလည်ကျပုံကို သရုပ်ဖော်ထားသည့် ‘ဖိုးရှုပ်’ တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက် ထားပါသည်။
ယခုအပတ်တွင် အထူးကဏ္ဍအနေဖြင့် ‘အညာလက်ဆောင်’ ကဗျာကို သံစဉ်လေးများဖြင့် ဖော်ပြ ပေးထားပြီး ပုံပြင်ကဏ္ဍတွင် မောင်မေတ္တာ၏ သတ္တဝါတွေအပေါ် သနားကြင်နာမှုကြောင့် ကျန်းမာရေး ပြန်ကောင်းလာပုံအကြောင်းကို ရေးသားထားပါသည်။ ထို့ပြင် ကလေးများ မျက်စိလျင်လျင်ဖြင့် ပုံနှစ်ပုံတွင်ရှိသော မတူရာ (၁၀) ချက်ကို ရှာဖွေနိုင်မည့် ‘ဘယ်သူမျက်စိပိုလျင်သလဲ’ ကဏ္ဍနှင့် စက္ကူ လေးများကို အသုံးပြုကာ ဖားပုံလေးရရအောင် ပြုလုပ်နိုင်မည့် စက္ကူခေါက်ပုံအဆင့်ဆင့်ကိုလည်း တင်ဆက်ထားပါသည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန် ရည်ရွယ်သည့် ဖတ်မှတ်လေ့လာဝေါဟာရ ကမ္ဘာကဏ္ဍတွင် အရာဝတ္ထုအချို့ ၏အမည်များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် မည်သည့်အိမ် ပြင်ပလှုပ်ရှားမှုမျိုး တွင် ပါဝင်လုပ်ဆောင်နေသလဲဆိုသည့် ပြောဆိုပုံနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံကို လေ့လာနိုင်မည် ဖြစ်ပါသည်။ ကလေးများ အင်္ဂလိပ်စာ လေ့လာရာ၌ အခြေခံလိုအပ်ချက်ဖြစ်သည့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် အကူကြိယာတစ်လုံး ဖြစ်သော would ၏ အဓိပ္ပာယ် အသုံးအနှုန်းနှင့် တည်ဆောက်ပုံများကို ရှင်းလင်းတင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။