ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက် စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ ၅၁၊ အမှတ် (၂၀) ၌ သက်ကိုနှင့်ဇင်ကိုတို့ညီအစ်ကို၏ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပုံအကြောင်း သိရှိသွားပုံကို သရုပ်ဖော်ထားသည့် ‘ကဆုန်ညောင်ရေသွန်းပွဲ တို့ဆင်နွှဲ’ မျက်နှာဖုံးဇာတ်လမ်း၊ အသင်းအတွက် ဝန်ဆောင်မှုပေးမည်ဆိုသည့် ဖိုးဇော်ကို အရင်ဆုံးဝန်ဆောင်မှုပေးနေရပုံကို သရုပ်ဖော်ထားသည့် ‘ဝန်ဆောင်မှု’ နှစ်မျက်နှာဟာသဇာတ်လမ်း၊ အစားမက်သော သတ္တဝါများသည် ဆင်ခြင်တုံ တရား နည်းပါးလွန်းပုံအကြောင်းကို သရုပ်ဖော်ထားသည့် ‘ပညာရှိသော ဖားကလေး’ နှစ်မျက်နှာ ဇာတ်လမ်းနှင့် ဘိုးဘိုးကြီး၏ အလှူဒါနပြုလုပ်ရခြင်းအကျိုးကို လက်ခံလိုက်ရပုံအကြောင်းကို သရုပ်ဖော်ထားသော ‘အာတူး’ တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကဆုန်လပြည့်နေ့အချိန်တွင် မြန်မာတို့၏ အမြို့မြို့အနယ်နယ်အရပ်ရပ်၌ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပကြပုံအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍတွင် အခက်အခဲနှင့်ကြုံတွေ့ချိန်တွင် သည်းမခံနိုင်ပါက အပျင်းကျသော စိတ်သည် မိမိကို အနိုင်ယူ သွားနိုင်ကြောင်းကို ရေးဖွဲ့ထားသည့် ‘နောက် ကျွန်တော်မပျင်းတော့ပါ’ ၀တ္ထုကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် အထူးကဏ္ဍအနေဖြင့် ထိုင်းနိုင်ငံရှိ ထင်ရှားသော လေ့လာလည်ပတ်ချင်စရာ နေရာများအကြောင်းကို တင်ဆက်ထားပါသည်။
ကလေးတို့အတွက် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာငါးမျိုးအကြောင်းကို တင်ဆက်ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်စေရန် ရည်ရွယ်သည့် ရွှေသွေးအင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် conversation questions and answers ခေါင်းစဉ်ဖြင့် အိမ်နီးချင်းများနှင့် ပေါင်းသင်းဆက်ဆံပုံအကြောင်းကို အပြန်အလှန်ပြောဆိုပုံဖြင့် လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာ အခြေခံအတွက် အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် modal verb အကူကြိယာတစ်လုံးဖြစ်သော shall ၏ မေးခွန်းဝါကျ အသုံးအနှုန်းပုံစံများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။