ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မေလ ၁၁ ရက် စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ ၅၁၊ အမှတ် (၁၉) ၌ ကလေးများ ငယ်ရွယ်စဉ်အချိန်၌ ပညာကိုသေချာလေ့လာသင်ယူသင့်ပုံကို တင်ပြထား သည့် မျက်နှာဖုံးဇာတ်လမ်း၊ ဆရာ ဒစ်ဂျစ်တယ်၏ ‘နားမလေးတော့ပါ’ နှစ်မျက်နှာဟာသဇာတ်လမ်းနှင့် မိဘများ၏ သွန်သင်ဆုံးမမှုကို နာခံတတ်စေရန် တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ‘ဘယ်ကျော်’ သရုပ်ဖော်ကာတွန်းတစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးမြန်မာစာစကားဝိုင်းကဏ္ဍတွင် ‘ကန့်ကွက်ထောက်ခံ ဆွေးနွေးပြန်’ ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ ပြောဆို ဟန် တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင်လည်း ‘ကောင်းကျိုးသယ်ပိုး ရုက္ခစိုး’ ခေါင်းစဉ်ဖြင့် တစ်ဉီး၏ ကျေးဇူးတရားကို တစ်ဉီးက သိရှိကာ ပြန်လည် ကျေးဇူးဆပ်သင့်ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ လိုက်နာကျင့်သုံးသည့် ‘လောကနီတိ၊ ပြည်သူ့နီတိ’ ကဏ္ဍနှင့် ရုပ်ပုံလေးရရှိစေရန် အစက်ကလေးများကို ဆက်ဆွဲနိုင်မည့် ‘ဘာပုံလေးဖြစ်မလဲ’ ကဏ္ဍတို့ကိုလည်း ထည့်သွင်းဖော်ပြထား ပါသည်။
အင်္ဂလိပ်စာတွင် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် အရာဝတ္ထုအချို့၏ အမည်များကို ရုပ်ပုံနှင့်တကွ အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးထားပါသည်။ ရွှေသွေးအင်္ဂလိပ်စကားဝိုင်း ကဏ္ဍတွင် ‘conversation questions and answers’ ခေါင်းစဉ်ဖြင့် မိုးလေဝသအခြေအနေနှင့် ပတ်သက်၍ မေးမြန်းပြောဆိုရာ၌ အသုံးပြုသည့် သုံးနှုန်းပုံအချို့နှင့် အင်္ဂလိပ်စာအခြေခံအတွက် အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် modal verb အကူကြိယာအကြောင်းကို အခန်းဆက် လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ်
မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်
(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊
၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။