ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မေလ ၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၁၈) ၌ ပူစီနှင့် ပါပီတို့၏ ကိုယ့်တာ၀န်ကိုယ်ကျေပွန်စွာ ထမ်းဆောင်ရပုံအကြောင်း သရုပ်ဖော်ထားသော ‘ပူစီနဲ့ပါပီ’ မျက်နှာဖုံးဇာတ်လမ်း၊ လပြည့်သည် သူ၏ ဘူးသီးရောင်းရသော ပိုက်ဆံဖြင့် ‘ဂီတာလေး တစ်လက်၀ယ်ယူနိုင်သည်ကို ဖိုးတူးအားကျသွားပုံအကြောင်းကို သရုပ်ဖော်ထားသော ‘လမ်းဘေးက ဘူးပင်ပေါက်လေးများ’ နှစ်မျက်နှာဇာတ်လမ်း၊ လူလည်ကြီးဖိုးသား၏ မွေးနေ့ဖိတ်ပုံအကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသော ‘မွေးနေ့’ နှစ်မျက်နှာဇာတ်လမ်းနှင့် ‘ငုတ်မိသဲတိုင် တက်နိုင် ဖျားရောက်’ဆိုသော မြန်မာစကားပုံ၏အဓိပ္ပာယ်အကြောင်းကို သရုပ်ဖော်ထားသော ‘ဘေဘီဗွတ်ကလုံ’ တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ကလေးတို့အနေဖြင့် ကျောင်းသင်ခန်းစာအပြင် မိမိဘာသာ သင်ယူ လေ့လာခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ကလေး၀တ္ထုကဏ္ဍတွင် မိမိ၏အလုပ်အပေါ် စေတနာထားလုပ်ဆောင်ပါက မိမိတွင်လည်း အကျိုးကျေးဇူးရရှိနိုင်ပုံကို တင်ဆက်ထားသော ‘ကျွန်မအမည် အေးငြိမ်းသူ’ ၀တ္ထုကို တင်ဆက်ထားပါသည်။ ထို့အပြင် မေလ အတွက် ထူးခြားထင်ရှားနေ့ရက်များအကြောင်းနှင့် ကလေးတို့ကိုယ်တိုင်လည်း ပါဝင်ဆေးခြယ်သ နိုင်မည့် ဆေးရောင်လှလှ ခြယ်ရအောင် ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ကလေးတို့အတွက် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးအကြောင်းကို တင်ဆက်ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည်တိုးတက်စေရန် ရည်ရွယ်သည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် conversation questions and answers ခေါင်းစဉ်ဖြင့် အသုံးအဝင်ဆုံး အိမ်သုံး အသုံးအဆောင်ပစ္စည်းအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံကို လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် အကူကြိယာ can, could နဲ့ may တို့၏ အသုံးအနှုန်းနှင့်ပတ်သက်၍ အခန်းဆက်သင်ခန်းစာအသစ်များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။