ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁) အမှတ် (၁၇) ၌ မေလ (၁) ရက်တွင် ကျင်းပလေ့ရှိသော အလုပ်သမားနေ့ကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် လေးမျက်နှာဇာတ်လမ်း၊ ဖိုးဇော်နှင့် ဖိုးပိန်တို့၏ ဆေးခြယ်မယ်နှစ်မျက်နှာဇာတ်လမ်း၊ မိမိ၏ အလှအပကို ဂုဏ်ယူ ဝံ့ကြွားကာ မာနထားမှုနှင့် သူတစ်ပါး၏ မြှောက်ပင့် ပြောဆိုသည်ကို ကျေနပ်လက်ခံမှုတို့ကြောင့် ဒုက္ခရောက်ရသော ရွှေငါးလေးအကြောင်းကို တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ ရွှေချည်ဇာနှင့် သူမ၏ ခွေးလေးများကို သရုပ်ဖော်ထားသည့် တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ယခုအပတ်တွင် အထူးကဏ္ဍအနေဖြင့် ‘နတ်သမီးလေး အပ်ချုပ်သည်’ ကဗျာကို သံစဉ်လေးများဖြင့် ဖော်ပြပေးထားပြီး ပုံပြင်ကဏ္ဍတွင် သူတစ်ပါးက စေတနာဖြင့် ကူညီပေးသည်ကို မစူးစမ်း မဆင်ခြင်ဘဲ အပြစ်တင်မိသည့် ငှက်မကြီးအကြောင်းကို ဖော်ညွှန်းရေးဖွဲ့ထားပါသည်။ ထို့ပြင် ကလေးများ မျက်စိလျင်လျင်ဖြင့် ပစ္စည်းများကို ရှာဖွေနိုင်မည့် ‘ရှာဖွေလေလေ တွေ့ရှိလေလေ’ကဏ္ဍနှင့် ကဏန်းပုံ လေးရရှိအောင် ရုပ်ပုံလေးများကို အဆင့်ဆင့်ဆွဲနိုင်မည့်ကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရည်ရွယ်၍ ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍတွင် အဆောက်အအုံအချို့၏ အမည်များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြပေးထားပါသည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် မိမိကြိုက်နှစ်သက်သော တေးဂီတအဖွဲ့ အကြောင်းကို ပြောဆိုသည့်အခါ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပြီး ကလေးများ အင်္ဂလိပ်စာလေ့လာရာ၌ အခြေခံလိုအပ်ချက် ဖြစ်သည့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် ‘Modal Verb’(အကူကြိယာ) ခေါင်းစဉ်ဖြင့် အခန်းဆက် လေ့ကျင့်ခန်းများကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။