ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၀ ရက် စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ ၅၁၊ အမှတ် (၁၆) ၌ သမင်ငယ်လေး၏ စိတ်ဆန္ဒစောခဲ့ခြင်းများသည် မိမိကိုယ်ကိုယ် ဒုက္ခပေးရာရောက်ကြောင်း သိရှိသွားပုံကို သရုပ်ဖော်ထားသည့် ‘စိတ်စောနေသော သမင်ငယ်ကလေး’ မျက်နှာဖုံး ဇာတ်လမ်း၊ ခွေးလေးနက်ကွက်သည် သခင်၏ မေတ္တာစေတနာကို နားလည်ပုံအကြောင်း သရုပ်ဖော်ထားသည့် ‘နက်ကွက်’ နှစ်မျက်နှာဇာတ်လမ်း၊ မိတ်ဆွေစစ်နှင့် မိတ်ဆွေတု ခွဲခြားပုံအကြောင်းကို သရုပ်ဖော်ထားသည့် ‘မိတ်ဆွေတု’ နှစ်မျက်နှာဇာတ်လမ်းနှင့် ‘ကျောက်ခေတ်ကမ္ဘာ’ တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် Nike တံဆိပ်အမှတ်အသားပါပစ္စည်းများ၏ ဖန်တီးရှင် ဖီးလ်နိုက်၏ အကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍတွင် စာအုပ်စာပေဆိုသည်မှာ လူများ၏ အသိအမြင်ဗဟုသုတကို တိုးပွားစေပြီး အတွေးအခေါ်ကိုပါ မြင့်မားလာစေကြောင်း ရေးသားထားသည့် ‘ကလေးသုံးယောက်’ ၀တ္ထုကို ဖတ်ရှုရမည် ဖြစ်ပါသည်။ အထူးကဏ္ဍအနေဖြင့် စင်ကာပူနိုင်ငံရှိ ထင်ရှားသော လည်ပတ်ချင်စရာနေရာများအကြောင်းကို တင်ဆက်ထားပါသည်။
ကလေးတို့အတွက် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးအကြောင်းကို တင်ဆက်ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်စေရန် ရည်ရွယ်သည့် ရွှေသွေးအင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် conversation questions and answers ခေါင်းစဉ်ဖြင့် ရိုးရာယဉ်ကျေးမှုပွဲတော် ကျင်းပပုံနှင့်ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံကို လေ့လာနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် may, may not နှင့် can’t ၏ ဝါကျအသုံးအနှုန်းပုံစံများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ်
မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်
(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊
၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။