ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၁၄) ၌ ခွေးလိမ္မာလေး နက်ကျား၏ ဘ၀ဖြစ်စဉ်နှင့် ဘ၀ကူးကောင်းပုံအကြောင်းကို သရုပ်ဖော်ထားသော ''ခွေးလိမ္မာ'' မျက်နှာဖုံးဇာတ်လမ်း၊ ဆင်းရဲသားလေး၏ စူးစမ်းဆင်ခြင်တတ်သော အသိဉာဏ်ပညာရှိခြင်းကြောင့် မြို့စားကြီး၏ အမှုတော်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရပုံကို သရုပ်ဖော်ထား သည့် ''စူးစမ်းလေ့လာ'' နှစ်မျက်နှာဇာတ်လမ်း၊ တက်တူးထိုးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများအကြောင်းကို သရုပ်ဖော်ထားသည့် ''ဖိုးလပြည့်'' နှစ်မျက်နှာ ဇာတ်လမ်းနှင့် နေမင်းကြီး၏ စည်းကမ်းရှိပုံနှင့် လမင်းကြီး၏စည်းကမ်းမဲ့ပုံကို သရုပ်ဖော်ထားသော ''ကျောက်ခေတ်ကမ္ဘာ'' ဟာသတစ်မျက်နှာ ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ကလေးတို့အတွက် မြန်မာစာကဏ္ဍတွင် မြန်မာစကားပြောပြိုင်ပွဲအကြောင်းကို ရေးသား တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍ၌ စော်ဘွားကြီး၏ မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်မှုကြောင့် တိုင်းသူပြည်သားများက ချစ်ခင်လေးစား ကြည်ညိုကြပြီး တိုင်းပြည်သာယာ၀ပြောပုံအကြောင်းကို ရေးသားထားသည့် ''တရားစောင့်တဲ့ စော်ဘွားကြီး'' ပုံပြင်ကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ဧပြီလအတွင်း မြန်မာနှင့်ကမ္ဘာပေါ်ရှိ ထူးခြားထင်ရှား နေ့ရက်များအကြောင်းနှင့် ဘာပုံလေးဖြစ်မလဲ ကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။
ကလေးတို့အတွက် ရွှေသွေးဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြော စွမ်းရည်တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် မိမိတို့စာသင်ခဲ့သည့် စာသင်ကျောင်း တစ်ကျောင်း အကြောင်းနှင့်ပတ်သက်၍ အပြန်အလှန်ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် အကူကြိယာ "can, could နှင့် be able to" တို့၏ အသုံးအနှုန်းတည်ဆောက်ပုံများကို မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။