ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၁၂) ၌ မြန်မာတို့၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော တပ်မတော်နေ့ ဖြစ်လာပုံအကြောင်းကို သရုပ်ဖော်ထားသည့် ''တပ်မတော်နေ့'' မျက်နှာဖုံး ဇာတ်လမ်း၊ အနာဂတ်ဘ၀လှပရန်အတွက် အကျင့်ဆိုးများကို ပြုပြင်ပြီး စိတ်ထားကောင်းအောင် ကြိုးစားရမည်ဖြစ်ကြောင်းကို သရုပ်ဖော်ထားသည့် ''ရိုးရိုးလေးပါ၀င်သော လှစေချင်ပါသည်'' နှစ်မျက်နှာဇာတ်လမ်း၊ လူမှားပြီး၀န်ဆောင်မှုပေးမိရာမှ ကြားထဲက အချောင်နာရသော မောင်ညှက်၏အဖြစ်ကို သရုပ်ဖော်ထားသည့် ''ဖိုးသား'' နှစ်မျက်နှာဇာတ်လမ်းနှင့် ရွှေချည်ဇာ၏ ကိုယ့်ဂိုးကိုယ်သွင်းမိပုံကို သရုပ်ဖော်ထား သည့် ''ရွှေချည်ဇာနှင့်ဘောလုံး'' ဟာသတစ်မျက်နှာ ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ဆောင်းပါးကဏ္ဍအနေဖြင့် သန့်ရှင်းသောရေ သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍတွင် ချီကောက်၏ဆိုလိုရင်း အဓိပ္ပာယ်ကို သိရှိသွားရာက သူတစ်ထူးက မြတ်နိုးစွာခေါ်ယူတတ်သည့် စကားလုံး၊ သူတစ်ထူးကို ထိခိုက်စေသည့် စကားလုံးတို့သည် လောက၌ များစွာရှိနေကြောင်းကို သိရှိသဘောပေါက်သွားသော ငါးတန်းကျောင်းသားလေး ၏အဖြစ်ကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင်ပါ၀င်ဆောင်ရွက်နိုင်မည့် 'ကာတွန်းပုံအဆင့်ဆင့် ဆွဲကြမယ်ကဏ္ဍနှင့် ဘယ်သူမျက်စိပိုလျင်သလဲ' ကဏ္ဍတို့ကို လည်း တင်ဆက်ထားပါသည်။
ကလေးတို့အတွက် ရွှေသွေးဝေါဟာရကဏ္ဍအနေဖြင့် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးအကြောင်းကို တင်ဆက်ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်စေရန် ရည်ရွယ်သည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် 'conversation questions and answers' ခေါင်းစဉ်ဖြင့် လက်တွေ့ကျွမ်းကျင်မှုအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံကို လေ့လာနိုင်မည် ဖြစ်သည်။ အင်္ဂလိပ်စာအခြေခံအတွက် အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'will have to' နှင့် 'should' ၏ ဝါကျအသုံးအနှုန်းပုံစံများကို မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။