ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ ယခုလာမည့် (၂၄-၂-၂၀၁၈) ရက်တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀) အမှတ် (၈) တွင် နေစကြ၀ဠာသို့ ခရီးထွက်ခဲ့သည့် ဘယ်ကျော်ရဲ့ အတွေ့အကြုံ မျက်နှာဖုံးဇာတ်လမ်း၊ အမှိုက်ပုံးကို ဒရမ်တီးတဲ့မိုက်ကီးနှစ်မျက်နှာဇာတ်လမ်း၊ မောင်ဖိုးသဲနဲ့ စိတ်ကောင်းစေတနာနှစ်မျက် နှာဇာတ်လမ်း၊ ကြောင်တွေရဲ့အလေ့အကျင့် တစ်မျက်နှာဇာတ်လမ်း တို့ ပါ၀င်ပါသည်။
သုတကဏ္ဍတွင် ငှက်များ ၎င်းတို့၏နှုတ်သီးကို အသက်ရှင်သန်မှုအတွက်သာမက သဘာ၀တရားနှင့် လိုက်ဖက်ညီစွာ အသုံးချကြပုံကို ရေးဖွဲ့ထားပြီး ရသကဏ္ဍတွင်မူ သတ္တဝါလေးတွေကို ညှာတာမှု ကင်းမဲ့သူကို အသိဉာဏ်လင်းလက်သွားစေတဲ့ အဖြစ်အပျက်အကြောင်း ဖွဲ့နွဲ့ထားပါသည်။ အထူးကဏ္ဍ အနေဖြင့် ၀က်ဝံကြီးနဲ့ ကြောင်ကလေးပုံနှစ်ပုံတွင် မတူကွဲပြားသည့် အချက် (၁၀) ချက်ကို ရှာဖွေရန်ဖြစ်ပြီး ရေဘူးလေးတစ်ခုပုံကို စက္ကူဖြင့်ခေါက်ကာ ဆော့ကစားနိုင်မည်ဖြစ်သည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နေ့စဉ်ပြောလေ့ပြောထရှိသော စကားပြောများကို လွယ်လွယ်ကူကူ လေ့ကျင့်ပြောဆိုနိုင်မည့် နည်းလမ်းများကို Useful sentence structures ခေါင်းစဉ်ဖြင့် တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် စကားလုံးတစ်လုံးကို အခြေခံကာ အဓိပ္ပာယ်အသုံးအနှုန်း နှင့် ဝါကျတည်ဆောက်ပုံဆိုင်ရာ သဒ္ဒါစည်းမျဉ်းများကို လေ့လာနိုင်မည်ဖြစ်ပြီး ယခုတစ်ပတ်အတွက် You နှင့် စပ်လျဉ်း၍လေ့လာနိုင်မည်ဖြစ်ရာ ကလေးတို့ အကြိုက် တွေ့မည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။