ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၅၁) ၌ သူငယ်ချင်းမလေးနှင့် ခွဲခွာရ၍ လွမ်းဆွတ်သတိရနေတော့မည့် ပုပု မျက်နှာဖုံးဇာတ်လမ်း၊ အမြီးသစ်ထွက်လာ၍ ပျော်မြူးနေသည့် အိမ်မြှောင်လေးမြီးတို နှစ်မျက်နှာဇာတ်လမ်းနှင့် စာနာစိတ် နှစ်မျက်နှာဇာတ်လမ်း၊ ပြဿနာရှာလွန်းသည့် ဖိုးရှုပ် တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို ဖတ်ရှုရမည် ဖြစ်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် 'လေ့လာမှတ်သား ဆိုရိုးစကား(၁)'ခေါင်းစဉ်ဖြင့် ဘကြီးဉာဏ်တို့ ဆရာတပည့်တစ်စု ဝိုင်းဖွဲ့ဆွေးနွေးပုံကို တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် သူတစ်ပါးအပေါ်၌ သည်းခံခွင့်လွှတ်ပေးပါက မိမိတွင်လည်း ကောင်းကျိုးချမ်းသာ ရရှိနိုင်ပုံကို ပညာပေးတင်ဆက် ထားပါသည်။ ယခုတစ်ပတ်တွင် ဖျံပုံလေးရရှိအောင် အဆင့်ဆင့်ရေးဆွဲနိုင်မည့် 'ကာတွန်းပုံ အဆင့်ဆင့် ဆွဲကြမယ်' ကဏ္ဍအပြင် ကလေးတို့၏ မျက်စိ လျင်မြန်နှုန်းကို စမ်းသပ်ထားသည့် 'ဘယ်သူမျက်စိပိုလျင်သလဲ' ကဏ္ဍလည်း ပါ၀င်ပါသည်။
ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍတွင် တိရစ္ဆာန်အချို့၏ အဖိုအမအမည်များကို ရုပ်ပုံများဖြင့် ယှဉ်တွဲဖော်ပြထားရာ ကလေးတို့ အလွယ်တကူ မှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပြသထားရာ ပြတိုက်အကြောင်းကို ပြောဆိုရာ၌ ပြောဆို သုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် 'Present perfect tense' ခေါင်းစဉ်ဖြင့် အခန်းဆက် လေ့ကျင့်ခန်းများအပြင် Present perfect progressive ၏ဝါကျရေးသားပုံများကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။