ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၅၀) ၌ အများနည်းတူပညာသင်ကြားခွင့်ရသွားသော ''ဖြူလေးဉာဏ်ကောင်း'' မျက်နှာဖုံးဇာတ်လမ်း၊ မိခက်၏ အကူအညီများသည် တလွဲချည်းသာ ဖြစ်နေပုံကို တင်ဆက်ထားသော ''မိခက် ကူညီပါရစေ'' နှစ်မျက်နှာဇာတ်လမ်း၊ သူတစ်ပါးအပေါ် မဟုတ်မမှန် ညာစားသူသည် နောင်အခါ အရှက်ရပြီး ဒုက္ခရောက်ရပုံကို သရုပ်ဖော်ထားသော ''ကြက်ဖတွန်လို့ မိုးလင်းတာလား'' နှစ်မျက်နှာဇာတ်လမ်းနှင့် ခင်ခင်ပြူးသည် သူ၏အလုပ်ကို ဂရုတစိုက် မလုပ်သောကြောင့် နှစ်ခါပင်ပန်းရပုံကို သရုပ်ဖော်ထားသော ''ခင်ခင်ပြူး'' တစ်မျက်နှာ ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ပဋိဇီ၀ဆေးများကို ဘာကြောင့် လူတွေအသုံးပြုကြသည်ကို ကလေးတို့ ဗဟုသုတအနေနှင့် ဖတ်ရမည်ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍတွင် ရန်ကုန်သားလေး ဇော်ဇော်အောင်သည် သဘာ၀ အလှတရားများနှင့် ပြည့်နှက်နေပြီး ရိုးသားခင်မင်ဖွယ်ကောင်းသော သူငယ်ချင်း များရှိသည့် တောရွာလေးသို့ နောက်တစ်ခေါက် အလည်သွားလိုသည်ကို ရသအနေဖြင့် ဖတ်ရှုရမည်ဖြစ်ပါသည်။ လည်ပတ်ချင်စဖွယ်မြို့တစ်မြို့ဖြစ်သော မန္တလေးမြို့ရှိ အထင်ကရ နေရာများကိုလည်း တင်ဆက်ထားပါသည်။
ရွှေသွေးအင်္ဂလိပ်စာဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် အကြိုက်နှစ်သက်ဆုံး ဘာသာရပ်အကြောင်းနှင့် ပတ်သက်ပြီး အပြန်အလှန်ပြောဆိုသုံးနှုန်းပုံ အချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် ' Present perfect tense' ကို just ၊ since နှင့် for တို့နှင့် တွဲသုံးပုံကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။