ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၅) ၌ မုဆိုးများအနေဖြင့် သားကောင်များကို ခန့်မှန်းရာ၌ အကြောင်းအမျိုးမျိုးကြောင့် လွဲချော်တတ်ပုံကို လေးမျက်နှာဟာသဇာတ်လမ်း ဖြင့် သရုပ်ဖော်တင်ဆက်ထားပါသည်။ ကျောင်းပိတ်ရက်များတွင် ကလေးများ မိဘများကို ကူညီလုပ်ဆောင်သင့်ပုံကို ဖော်ညွှန်းထားသည့် နှစ်မျက်နှာ ဇာတ်လမ်းနှင့် ပူးပုံ၏ ဖြတ်ထိုဉာဏ်ကောင်းပုံ နှစ်မျက်နှာ ဟာသဇာတ်လမ်းတို့ ပါ၀င်ပါသည်။ ထို့ပြင် စကားကို ကတ်သီးကတ်သတ် ပြောတတ်သော ကျောင်းသားကလေး၏ ယာဉ်ကြောညပ်လို့ပါ တစ်မျက်နှာဟာသဇာတ်လမ်းနှင့် ပုပု၏ ဖခင်အပေါ် အနိုင်ယူတတ်ပုံ မျက်နှာ၀က်ဟာသဇာတ်လမ်းတို့ လည်း ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''လမ်းသွားရင်းလေ့လာ သတ်ပုံပညာ'' ခေါင်းစဉ်ဖြင့် ကလေး တစ်သိုက်က လမ်းတွင်ကြုံတွေ့ခဲ့ရသော စာလုံးပေါင်း သတ်ပုံအမှားများ အကြောင်းကို ဝိုင်းဖွဲ့ ပြောဆိုဟန်နှင့် ပုံပြင်ကဏ္ဍတွင် ကလေးများအနေဖြင့် လူကြီးမိဘတို့၏ ဆိုဆုံးမစကားကို သေချာစွာ မှတ်သား နာယူထားပါက မိမိလိုအပ်သော အချိန်တွင် အသုံးပြုနိုင်ပုံကို သိရှိမှတ်သားဖွယ် တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ဗဟုသုတတိုးပွားစေရန် ဖေဖော်ဝါရီလအတွင်း ထူးခြားထင်ရှားနေ့ရက်များအကြောင်းကိုလည်း ဖော်ပြပေးထားပါသည်။
ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် ကြိယာအချို့၏ ပြုမူဆောင်ရွက်ပုံတို့ကို လေ့လာနိုင်မည် ဖြစ်ပြီး ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆို သုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'With' ၏ အဓိပ္ပာယ်၊ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာဝါကျတည်ဆောက်ပုံတို့ကို နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ်စာအခြေခံကို ကောင်းမွန်လာစေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။