ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၄၉) ၌ ကံကိုယုံကြည်၍ ဉာဏ်ကို အသုံးချပြီး ဝီရိယရှိရှိ လုပ်ကိုင်သူသည် ကောင်းကျိုးချမ်းသာရရှိပုံကို တင်ဆက်ထားသည့် မျက်နှာဖုံး ဇာတ်လမ်း၊ မိဘများသည် မိမိတို့၏ သားသမီးများကို ကောင်းစားစေချင်၍ ဆုံးမသွန်သင်သည့်အခါ ကလေးများက တလွဲတွေးတတ် ပုံကို သရုပ်ဖော် ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ ယနေ့ခေတ်ကလေးများ အနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များအား စောင့်ရှောက်ထိန်းသိမ်းသင့်ပုံကို ဖော်ကျူးထားသည့် နှစ်မျက်နှာ ဇာတ်လမ်းနှင့် အကြံအိုက်နေသည့် ဖိုးရှုပ် တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို ဖတ်ရှုရမည် ဖြစ်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် 'မြန်မာစကားပုံ သိဖွယ်စုံ' ခေါင်းစဉ်ဖြင့် ဘကြီးဉာဏ်တို့ ဆရာတပည့်တစ်စု ဝိုင်းဖွဲ့ဆွေးနွေးပုံဖြင့် တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် အသိပညာ ပြည့်စုံသူ သည် မိမိလိုလားတောင့်တအပ်သည့် အရာများ ရရှိနိုင်ပုံကို ပညာပေး တင်ဆက်ထားပါသည်။ ယခုတစ်ပတ်တွင် မှတ်ဖွယ်မှတ်ရာ နီတိအဖြာဖြာကို ဖတ်ရှုနိုင်ကြမည်ဖြစ်သည့်အပြင် dot to dot ပုံဆက်ဆွဲနိုင်မည့်ကဏ္ဍလည်း ပါ၀င်ပါသည်။
ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍတွင် တိရစ္ဆာန်အချို့၏ အဖိုအမအမည်များကို ရုပ်ပုံများဖြင့် ယှဉ်တွဲဖော်ပြထားရာ ကလေးတို့ အလွယ်တကူ မှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် အောက်မေ့ဖွယ်ရာ လှုပ်ရှားဆောင်ရွက်မှုများ အကြောင်းကို ပြောဆိုရာ၌ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံ အတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် 'Present perfect tense and Simple past tense' ခေါင်းစဉ်ဖြင့် အခန်းဆက်လေ့ကျင့်ခန်းများကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။