ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ (၁-၁၂-၂၀၁၈) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၄၈)၌ မြန်မာတို့၏ အမျိုးသားနေ့ အနှစ်သာရအကြောင်း တင်ဆက်ထားသော ''အမျိုးသားနေ့ တို့မမေ့'' မျက်နှာဖုံးဇာတ်လမ်း၊ ရှေးဟောင်းရုပ်တု ထိန်းသိမ်းရေး နှင့် ပတ်သက်၍ ဂွတိုနှင့် ရွှေပိုး တို့၏ လုပ်ဆောင်ချက်ကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသော ''ရွှေပိုးဘောက်ဆူး'' နှစ်မျက်နှာ ဇာတ်လမ်း၊ ''အိမ်မှာမစမ်းသပ်နဲ့'' ဆိုသော ခေါင်းစဉ်ဖြင့် ဖြစ်နိုင်ခြေရှိမရှိကို စဉ်းစားတတ်ရန် အတွက် အကြံပြုသရုပ်ဖော်ထားသော နှစ်မျက်နှာဇာတ်လမ်း၊ မြန်မာစာအရေးအသားတွင် ဆိုလိုရင်း အဓိပ္ပာယ်ကို အလွယ်တကူ သိနိုင်ရန်အတွက် စကားလုံးအဖြတ်အတောက် မှန်ကန်ရန် လိုအပ်ကြောင်း သတိပေးတင်ဆက်ထားသော ''ပုပုပါ၀င်သည့် ကျေးဇူးပြု၍ဖြေပေးပါ'' တစ်မျက်နှာဇာတ်လမ်းတို့ကို ဖတ်ရှုရမည်ဖြစ်ပါသည်။
သုတကဏ္ဍအနေဖြင့် လူတို့နေ့စဉ်စားသုံးနေသော အစားအစာများထဲမှ အာဟာရရရှိစေသော အစားအစာများတချို့အကြောင်းကို ဆောင်းပါးအနေဖြင့် ဖတ်ရှုရမည်ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍတွင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအကြောင်းကို ကလေးတို့သိရှိနိုင်ရန် ပညာပေး တင်ဆက်ထားပါသည်။ ထို့အပြင် ဒီဇင်ဘာလအတွင်း ကျရောက်သော ထူးခြား ထင်ရှား နေ့ရက်များအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပြီး ကလေးတို့ စိတ်ကြိုက် ဆေးရောင်ခြယ်သနိုင်မည့် ''ဆေးရောင်လှလှခြယ်ကြရအောင်'' ကဏ္ဍလည်းပါ၀င်ပါသည်။
ရွှေသွေးအင်္ဂလိပ်စာဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာအချို့ကို လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် "Conversation Questions and Answers" ခေါင်းစဉ်ဖြင့် သတင်းစာနှင့် မဂ္ဂဇင်းတို့ကို ဖတ်သင့်ကြောင်းပြောဆိုရာ၌ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "Present perfect tense" နှင့် "Simple past tense" ခေါင်းစဉ်ဖြင့် အခန်းဆက်လေ့ကျင့်ခန်း အသစ်များကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။