ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလ ၂၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၄၇) ၌ ရာသီဥတုကောင်းမွန်မှု သည် ပတ်၀န်းကျင်စိမ်းလန်းစိုပြည်မှု အပေါ်တွင် မှီတည်နေကြောင်းကို ပညာပေး တင်ဆက်ထားသော မျက်နှာဖုံးဇာတ်လမ်း၊ ပေါ်ကီ၏ အိုင်ဒီယာ ကောင်းမွန်ပုံကို သရုပ်ဖော်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ ယနေ့ခေတ်ကလေးများ၏ ဉာဏ်ထက်မြက်ပုံကို ဖော်ကျူးထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ဆုတောင်းကောင်းသည့် ကိုထိပ်ပြောင် တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို ဖတ်ရှုရမည် ဖြစ်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် မြန်မာစကားပုံအချို့ကို ဘကြီးဉာဏ်တို့ ဆရာတပည့်တစ်စု ဝိုင်းဖွဲ့ ဆွေးနွေးပုံဖြင့် တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် မိခင်၊ ဖခင်တို့၏ ပြောဆိုဆုံးမစကားကို ငယ်စဉ်ကလေး အရွယ်မှစ၍ လိုက်နာသင့်ပုံကို ပညာပေးတင်ဆက်ထားပါသည်။ ယခုတစ်ပတ်တွင် ကလေးတို့အတွက် တူညီသည်ဟု ထင်ရသော ရုပ်ပုံနှစ်ပုံထဲမှ မတူညီသောအချက်များကို ရှာဖွေ နိုင်မည့် ရှာဖွေလေလေ တွေ့ရှိလေလေကဏ္ဍအပြင် စက္ကူလေးကို အသုံးပြု၍ ဆင်ပုံလေးရအောင် ခေါက်နိုင်မည့် စက္ကူခေါက် ကဏ္ဍကိုလည်း တင်ဆင်ထားပါသည်။
ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍတွင် တိရစ္ဆာန်အချို့၏ အဖိုအမအမည်များကို ရုပ်ပုံများဖြင့် ယှဉ်တွဲဖော်ပြထားရာ ကလေးတို့ အလွယ်တကူ မှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် သမိုင်းနောက်ခံနေရာများအကြောင်းကို ပြောဆိုရာ၌ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိက ကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Present perfect tense and Simple past tense' ခေါင်းစဉ်ဖြင့် အခန်းဆက်လေ့ကျင့်ခန်းများကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။