ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလ ၁၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၄၆) ၌ မြန်မာလူမျိုးတို့သည် နှစ်စဉ်တန်ဆောင်မုန်းလပြည့်ညကို ပျော်ရွှင်စွာ ဆင်နွှဲကြပုံအကြောင်း သရုပ်ဖော်ထားသော ''ပျော်ရရွှင်ရတန်ဆောင်မုန်းလပြည့်ည'' မျက်နှာဖုံး ဇာတ်လမ်း၊ မိမိကိုယ်မိမိ အထင်ကြီးပြီး ဘ၀င်မြင့်ရာမှ အသက်ဘေးနှင့် ကြုံတွေ့ရပုံကို တင်ဆက်ထားသော ''ဘ၀င်မြင့်တဲ့လိပ်'' နှစ်မျက်နှာဇာတ်လမ်း၊ သူငယ်ချင်းနှစ်ဦး၏ စိတ်ကူးများ တူနေသည်ကို သရုပ်ဖော်ထားသော ''ဖိုးလပြည့်'' နှစ်မျက်နှာဇာတ်လမ်းနှင့် ကောင်းမှု တစ်ခုနေ့စဉ် ပြုရန် သတိပေးထားသည့် ''ဆူးကလေး'' တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးသုတကဏ္ဍတွင် လူသားတို့၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများ၏ တည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်ရွက်ပုံတို့ကို သုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ၀တ္ထုကဏ္ဍတွင်မူ ရိုးသားစွာ ရှာဖွေစားသောက်သော အလုပ်ဟူသမျှသည် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်းကို ကလေးတို့ ဖတ်ရှုကြ ရမည်ဖြစ်ပါသည်။ ယခုတစ်ပတ်အတွက် လည်ပတ်ချင်စရာမြို့တစ်မြို့အနေဖြင့် မကွေးမြို့ တစ်ခွင်မှ လည်ပတ်ချင်စရာနေရာများကို တင်ဆက်ထားပါ သည်။
ရွှေသွေးအင်္ဂလိပ်စာ ဝေါဟာရကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာအချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ် စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် အမှတ်တရ လက်ဆောင်ပစ္စည်းပေးခြင်းနှင့် ပတ်သက်၍ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Present perfect tense' ခေါင်းစဉ်ဖြင့် အခန်းဆက် လေ့ကျင့်ခန်းအသစ်များကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။