ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလ ၁၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၄၅) ၌ ကလေးတို့ ရှောင်ရှားသင့်သည့် အပြုအမူတစ်ခုကို ပညာပေးထားသော မျက်နှာဖုံးဇာတ်လမ်း၊ ပညာကြိုးစား သင်ယူသင့်ပုံကို သရုပ်ဖော်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ ကြိုတင်ပြင်ဆင်မှု၏ အရေးပါပုံကို ဖော်ကျူးထားသည့် နှစ်မျက်နှာ ဇာတ်လမ်းနှင့် ကလေးအတွေး တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို ဖတ်ရှုရမည် ဖြစ်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ပညာသည် စည်းစိမ်ဥစ္စာထက် သာလွန်ပုံကို ဘကြီးဉာဏ်တို့ ဆရာတပည့် တစ်စု ဝိုင်းဖွဲ့ဆွေးနွေးပုံဖြင့် တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် စေတနာမှန်ပါက အကျိုးပေးထက်သန်ပုံကို ပညာပေး တင်ဆက်ထားပါသည်။ ယခုတစ်ပတ်တွင် မှတ်ဖွယ်မှတ်ရာ နီတိအဖြာဖြာကို ဖတ်ရှုနိုင်ကြမည်ဖြစ်သည့်အပြင် dot to dot ပုံဆက်ဆွဲနိုင်မည့်ကဏ္ဍလည်း ပါ၀င်ပါသည်။
ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍတွင် တိရစ္ဆာန်အချို့၏ အဖိုအမအမည်များကို ရုပ်ပုံများဖြင့် ယှဉ်တွဲဖော်ပြထားရာ ကလေးတို့ အလွယ်တကူ မှတ်သားနိုင်မည်ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် မိမိတို့အိမ်တွင်းရှိ အခန်းများအကြောင်းကို ပြောဆိုရာ၌ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Present perfect tense' ခေါင်းစဉ်ဖြင့် လေ့ကျင့်ခန်းအသစ် များကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက် လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။