ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၄၃) ၌ စိတ်နှလုံးကောင်းထားရှိသူသည် ကောင်းကျိုး ချမ်းသာခံစားရတတ်ပုံကို ပြဆိုထားသည့် မျက်နှာဖုံး ဇာတ်လမ်းနှင့် သူတစ်ပါးအား လိုက်လျောညီထွေ ပြောဆိုဆက်ဆံပါက မိမိ၌ လာဘ်လာဘပွားများတတ်ပုံကို တင်ဆက်ထားသည့် နှစ်မျက်နှာ ဇာတ်လမ်း၊ သူတစ်ပါးအပေါ် စေတနာထားပါက မိမိတွင်လည်း အကျိုးများပုံကို သရုပ်ဖော်ထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ဘိုးဘိုးနှင့်မြေးလေး တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် 'ပညာသည်သာ မြတ်ရတနာ' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ထားပြီး ပုံပြင်ကဏ္ဍတွင် အခြားသူများ၏ ချစ်ခင်ရင်းနှီးမှုကို ဖြိုခွဲပါက မိမိသာ ဒုက္ခရောက်ရပုံကို ပညာပေး တင်ဆက်ထားပါသည်။ ယခုတစ်ပတ်တွင် ကလေးများ ပျော်ပျော်ရွှင်ရွှင်ဖြင့် ရုပ်ပုံကလေးများကို အဆင့်ဆင့် ဆွဲနိုင်ရန် 'ကာတွန်းပုံအဆင့်ဆင့်ဆွဲကြမယ်' ကဏ္ဍနှင့် ကလေးများ ဉာဏ်ထက်မြက်စေရန် ရုပ်ပုံထဲမှ အရာဝတ္ထုများကို ရှာဖွေရသည့် 'ဘယ်သူမျက်စိ ပိုလျင်သလဲ' ကဏ္ဍတို့ကို ထည့်သွင်းထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ၌ တိရစ္ဆာန်အချို့၏ အဖိုအမ အမည်များကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးထားပါသည်။ ကလေးတို့၏ အင်္ဂလိပ် စကားပြောစွမ်းရည် တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် မတော်တဆထိခိုက်မှုဖြစ်ရာ၌ ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် 'The difference between Past continuous and Simple past' ခေါင်းစဉ်ဖြင့် အခန်းဆက် လေ့ကျင့်ခန်းများကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။