ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ယခုလာမည့် (၂၇-၁-၂၀၁၈) ရက်တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀) အမှတ် (၄) တွင် ပုပုတို့ သူငယ်ချင်းများတစ်သိုက်ဖြင့် သဘာ၀ပတ်၀န်းကျင်၏ အရေးပါပုံကို သင်ခန်းစာပေးထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ ရောင့်ရဲ တင်းတိမ်သူသည် ဘေးအန္တရာယ် ကင်းဝေးကြောင်း ဖော်ကျူးထားသည့်နှစ်မျက်နှာကာတွန်းဇာတ်လမ်းနှင့် နောက်ပြောင်တတ်သူနှင့် မှတ်လောက် အောင်ဆုံးမတတ်သူ နှစ်မျက်နှာကာတွန်းဇာတ်လမ်းတို့လည်း ပါ၀င်ပြီး ဘယ်ကျော်ကို အံ့အားသင့်သွားစေသူ တစ်မျက်နှာဟာသဇာတ်လမ်းတို့ကိုလည်း တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ရေအကြောင်းသိကောင်းစရာနှင့် ရေကောင်းရေသန့်၏ တန်ဖိုးကိုကလေးတို့ ဗဟုသုတရဖွယ် ဖတ်ရှုနိုင်မည်ဖြစ်ပြီး ရသကဏ္ဍတွင် နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျကြိုးစား လေ့ကျင့်ပါက လိုချင်သောဆုကို တစ်နေ့နေ့တွင် ဆွတ်ခူးရရှိမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း ကလေး၀တ္ထုဖြင့် သီကုံးဖော်ပြပေးထားပါသည်။ ယခုတစ်ပတ်တွင် အထူးကဏ္ဍအနေဖြင့် ပုံဆွဲဝါသနာပါသည့် ကလေးများလေ့ကျင့်ရန် ဗျိုင်းပုံအဆင့်အဆင့် ရေးဆွဲနည်း နှင့်အတူ ပုံဆွဲချင်သည့် ကလေးတစ်ယောက်နှင့် ပုံဆွဲပစ္စည်းတွေပျောက်နေသည့် သရုပ်ဖော်ပုံကိုလည်း တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ကလေးတို့၏အင်္ဂလိပ်ဝေါဟာရ ပိုမိုကြွယ်၀စေရန် ပြုမူဆောင်ရွက်ပုံ ကြိယာအချို့ကို သရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထားပါ သည်။ အင်္ဂလိပ်စကားစွမ်းရည် တိုးတက်စေရန် ရည်ရွယ်တင်ဆက်သည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် စိတ်၀င်စားဖွယ်ရာ စကားပြောခန်းများကို Useful Sentence Structures ခေါင်းစဉ်ဖြင့် တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာနှင့် စကားကို ပိုမိုသိမြင်သဘောပေါက်စေသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် Will ၏ သဒ္ဒါစည်းမျဉ်းဆိုင်ရာ ဝါကျတည်ဆောက်ပုံများကို ပြည့်ပြည့်စုံစုံဖော်ပြထားပြီး နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် လေ့လာနိုင်မည် ဖြစ်ရာ ကလေးတို့၏အင်္ဂလိပ်စာ စွမ်းရည် တိုးတက်လာမည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။