ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများအသိပညာဗဟုသုတရစေရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ (၂၂-၉-၂၀၁၈) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃၈)တွင် မြေခွေး၏ လှည့်ဖြားမှုခံရသည့် ဒေါသကြီးသည့် ခွေးအကြောင်း သရုပ်ဖော်တင်ဆက်ထားသော 'ဉာဏ်' မျက်နှာဖုံးဇာတ်လမ်း၊ 'ကြွက်ပေါ၏ အကြံကောင်းသော်လည်း' နှစ်မျက်နှာဇာတ်လမ်း၊ လိုရာခရီးကိုအမြန်ဆုံးရောက်အောင် ကူညီလိုက်တဲ့ပူးပုံ ပါ၀င်သော 'ကောင်းသောအလုပ်' နှစ်မျက်နှာ ဟာသဇာတ်လမ်း၊ ဆူးကလေးပါ၀င်သော 'အစားအစာများ မစားမီ ထားရှိရမည့်သတိ' တစ်မျက်နှာပညာပေး ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ယခုတစ်ပတ်တွင် သုတကဏ္ဍ၌ လူတို့၏အချစ်တော် အိမ်မွေးခွေးများ၏ တစ်မူထူးခြားသော စရိုက်သဘာ၀များနှင့် စွမ်းရည်များအကြောင်း ဆောင်းပါးအနေဖြင့် ရေးသားထားပါသည်။ ရသကဏ္ဍတွင် ဘ၀ပေးအခြေမလှသည့် မိန်းကလေးများကို ပြုစုပေးသည့် ကယ်ဆယ်ရေးသင်တန်း ကျောင်း မှ အခြေခံပညာကျောင်းတွင် ကျောင်းသူဖြစ်လာသူလေးကို အခြေတည်ဖွဲ့နွဲ့ထားသည့် ''အထင်မမှားတော့ပါ'' ကလေး၀တ္ထုကိုတင်ဆက်ထားပါသည်။ အထူးကဏ္ဍအနေဖြင့် ကာတွန်းပုံ အဆင့်ဆင့်ဆွဲကာ ခွေးလေးတစ်ကောင်ပုံကို လေ့ကျင့်ရေးဆွဲနိုင်မည်ဖြစ်သည်။ ထို့ပြင် လှေတစ်စီးနှင့် ငါးဖမ်းထွက်နေ သော ရေလုပ်သားကြီး၏ ပျောက်နေသောပစ္စည်းများကို မျက်စိလျင်လျင်ဖြင့် ရှာဖွေ ရမည်ဖြစ်သည်။
ယခုတစ်ပတ်အင်္ဂလိပ်စာကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ ဝါကျအတွင်းထည့်သွင်းသုံးစွဲပုံများကို သရုပ်ဖော်ပုံနှင့် တကွ တင်ဆက်ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်တိုးတက်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် အမေးအဖြေပုံစံဖြင့် စကားစမြည်ပြောဆိုခြင်း (conversation questions and answers) သင်ခန်းစာသစ်အနေဖြင့် မိသားစုအကြောင်း (Family) ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်ဘာသာအတွက် အဓိက ကျသည့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် simple past tense ၏ verb form (ကြိယာပုံသဏ္ဍာန်) တွင် လေ့လာမှတ်သား သင့်သည့် အကြောင်းအရာများကို ဆက်လက်တင်ဆက်ထားရာ ကလေးများ အတွက် များစွာအကျိုးရှိမည်ဖြစ်သည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။