ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ယခုလာမည့် (၂၁-၄-၂၀၁၈) ရက်တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၁၆) တွင် ကျောင်းတော်ကရန်စကို ပြေပျောက်စေတဲ့ စိတ်သဘောထား မျက်နှာဖုံး ဇာတ်လမ်း၊ မတော်လောဘထားမိလျှင် အသက်ဘေးပင်ကြုံရတတ်ပုံ နှစ်မျက်နှာဇာတ်လမ်း၊ ဆူးကလေးရဲ့ စေတနာ နှစ်မျက်နှာဇာတ်လမ်း၊ ဘယ်ကျော်ရဲ့မျက်နှာပေါ်ရောက်သွားတဲ့ ကိတ်မုန့် တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ ပါ၀င်ပါသည်။
ယခုတစ်ပတ်သုတကဏ္ဍတွင် ရာသီဥတုများဖြစ်ပေါ်ခြင်းအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပြီး ရသကဏ္ဍတွင် ကိုယ်၊ နှုတ် ရိုင်းစိုင်းကြမ်းတမ်းပါက မိဘများ၏ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ကလေး၀တ္ထုအနေဖြင့် သီကုံးထားပါသည်။ အထူးကဏ္ဍအနေဖြင့် ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့ အကြောင်း တင်ဆက်ထားပါသည်။
ရွှေသွေးတို့၏ အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန် ယခုတစ်ပတ်တွင် ဖတ်၊ မှတ်၊ လေ့လာ၊ ဝေါဟာရကမ္ဘာကဏ္ဍအနေဖြင့် ပတ်၀န်းကျင်၌ တွေ့မြင်ရလေ့ရှိသော အရာ၀တ္ထုအချို့ကို ရုပ်ပုံနှင့်တကွဖော်ပြပေးထားပါသည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် Useful sentence structure အနေဖြင့် နေ့စဉ်သုံး အင်္ဂလိပ်စကားပြောနည်း (၃) မျိုးကို အပြန်အလှန် စကားပြောပုံ များဖြင့် ပြောဆိုလေ့ကျင့်နိုင်မည်ဖြစ်ပါသည်။ အင်္ဂလိပ်စာကို ပိုမိုပိုင်နိုင်သိမြင်နိုင်စေမည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် verb to have ကို action verb အဖြစ် သုံးနိုင်ပုံကို ရှင်းလင်းချက်များ၊ နမူနာ ဝါကျများ၊ လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားရာ ကလေးများ အကြိုက်တွေ့မည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။