ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၁၅) ၌ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်အတွင်း ကလေးများ ပျော်ရွှင်စွာ ရေကစားပုံကို လေးမျက်နှာဇာတ်လမ်းဖြင့် သရုပ်ဖော် တင်ဆက်ထား ပါသည်။ ဖိုးဇော်၏ အပျင်းထူပုံကို ဖော်ညွှန်းထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် သင်္ကြန်ကာလ မုန့်လုံးရေပေါ်ပြုလုပ်၍ အလှူလုပ်ပုံ နှစ်မျက်နှာဟာသ ဇာတ်လမ်းတို့ ပါ၀င်ပါသည်။ ဖိုးလပြည့်၏ တစ်မျက်နှာဟာသ ဇာတ်လမ်းနှင့် ပူးပုံ၏ မေးတတ်တယ် မျက်နှာ၀က်ဟာသဇာတ်လမ်းတို့လည်း ပါ၀င်ပါ သည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''နှောင်းတန်ခူးနှင့် ဦးတန်ခူး'' ခေါင်းစဉ်ဖြင့် စာစီစာကုံး ရေးသားပုံ အကြောင်းကို ဝိုင်းဖွဲ့ပြောဆိုဟန်နှင့် ပုံပြင်ကဏ္ဍတွင် သက်ကြီးရွယ်အိုများကို ကူညီစောင့်ရှောက် ပါက မိမိတွင်လည်း အကျိုးများပုံကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ လိုက်နာ ကျင့်သုံးအပ်သည့် ပြည်သူ့နီတိ၊ လောကနီတိတို့ကိုလည်း တင်ဆက်ထားပါသည်။
ဖတ်မှတ်လေ့လေဝေါဟာရကမ္ဘာကဏ္ဍတွင် ကြိယာအချို့၏ ပြုမူဆောင်ရွက်ပုံတို့ကို လေ့လာနိုင် မည် ဖြစ်ပြီး ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆို သုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'have: past and future' ၏ အဓိပ္ပာယ်၊ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာဝါကျတည်ဆောက်ပုံတို့ကို နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ်စာအခြေခံ ကို ကောင်းမွန်လာစေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။