ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၄၉)၊ အမှတ် (၅၁) ၌ အန္တရာယ်နှင့်ကြုံကြိုက်နေချိန်တွင် အကူအညီပေးသည့် သူသာလျှင် မိတ်ဆွေစစ်ဖြစ်ကြောင်းကို ဖော်ကျူးထား သည့် မျက်နှာဖုံး ဇာတ်လမ်းပါ၀င်ပါသည်။ သူတစ်ပါးအား မကောင်းကြံပါက မိမိသာ ဘေးရန်ထိတတ်ပုံ ပညာပေး နှစ်မျက်နှာဇာတ်လမ်းနှင့် စက်ရုပ်ထက်လူက သာလွန် ကောင်းမွန်ပုံကို သရုပ်ဖော်ထားသည့် နှစ်မျက်နှာဟာသ ဇာတ်လမ်းတို့ ကို ဖတ်ရှုရမည်ဖြစ်ပြီး စာပေများ လေ့လာလိုက်စား၍ အသိဉာဏ်ရှိပုံ တစ်မျက်နှာ ဇာတ်လမ်းကိုလည်း တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''ဘယ်ပန်းမဟူ'' ခေါင်းစဉ်ဖြင့် အရေးနှင့် အသံထွက်ကွဲပြားပုံအချို့ ကို ဝိုင်းဖွဲ့ပြောဆိုဟန်ရေးဖွဲ့ထားပါသည်။ စည်းလုံး ညီညွတ်စွာ နေထိုင်ပါက အခြားသူများပေးမည့် အန္တရာယ်မှ လွတ်ကင်းနိုင်ပုံကိုလည်း ပုံပြင်ကဏ္ဍတွင် ကလေးများ အတုယူဖွယ် တင်ဆက်ထားပါသည်။ ထို့အပြင် ကလေးများ ပျော်ရွှင်စွာ ပုံကလေးများကို ဆက်ဆွဲနိုင်မည့် ''ကာတွန်းပုံအဆင့်ဆင့် ဆွဲကြမယ်'' ကဏ္ဍကိုလည်း ထည့်သွင်း ဖော်ပြထားပြီး ကလေးများ ဉာဏ်ထက်မြက်စေမည့် ပစ္စည်းပျောက်ရှာဖွေရသည့် ''ဘယ်သူမျက်စိပိုလျင်သလဲ'' ကဏ္ဍလည်း ပါ၀င်ပါသည်။
ယခုတစ်ပတ်ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် ဆိုင်အခေါ်ဝေါ်အချို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် လေ့လာနိုင်မည်ဖြစ်ပြီး ရွှေသွေး စကားဝိုင်းအနေဖြင့် နေ့စဉ်အသုံးတွင်သည့် Useful expressions အချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် Well ၏ အဓိပ္ပာယ်၊ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ ဝါကျတည်ဆောက်ပုံတို့ကို နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ် စာ အခြေခံကို ကောင်းမွန် စေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။