ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၄၉) ၌ သူတစ်ပါးကို ကူညီပါက မိမိ၌လည်း အကျိုးများပုံကို ကလေးများ အတုယူနိုင်စေရန် မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါ သည်။ ထို့အပြင် အလွန်ကပ်စေးနှဲသော ဦးရွှေဗျိုင်းနှစ်မျက်နှာဟာသဇာတ်လမ်း၊ မြို့နှင့်တောတို့၏ ဓလေ့သဘာ၀ကွာခြားပုံကို ဖော်ကျူးထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ကလေးပီပီအကြွားသန်သော ဖိုးလပြည့်အကြောင်းကို ရေးဖွဲ့ထားသည့် တစ်မျက်နှာဇာတ်လမ်းတို့ ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''မြန်မာစာစွမ်းရည်ပြိုင်ပွဲမှ စာစီစာကုံးရေးနည်း- ၂'' ကို ဝိုင်းဖွဲ့ ပြောဆိုဟန်ဖြင့် တင်ဆက်ထားပြီး ကလေးပုံပြင်ကဏ္ဍ တွင် အသိဉာဏ်ဗဟုသုတနည်းပါးခြင်း၏ အပြစ်ကို ဖတ်ရှုကြရမည် ဖြစ်ပါသည်။ ထို့ပြင် ကလေးများ လိမ္မာယဉ်ကျေးစွာ ပြုမူဆောင်ရွက် တတ်စေရန် ပြည်သူ့နီတိ၊ လောကနီတိ ဆုံးမစာများကို တင်ဆက်ထားပြီး အစက်ကလေးများကို ဆက်ဆွဲ၍ ပုံဖော်နိုင်မည့် ''dot to dot'' ကဏ္ဍကိုလည်း ထည့်သွင်းဖော်ပြပေးထားပါသည်။
ထို့အပြင် ကလေးများဝေါဟာရကြွယ်၀စေရန် အလုပ်အကိုင်အချို့နှင့် ပတ်သက်၍ ခေါ်ဝေါ်သုံးစွဲပုံ တို့ကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် တင်ဆက်ထားပါ သည်။ ရွှေသွေးအင်္ဂလိပ်စကားဝိုင်းကဏ္ဍ တွင် 'Useful Expression' ခေါင်းစဉ်ဖြင့် ဟာသဆန်ဆန် ပေါ့ပျက်ပျက်ပြောဆိုပုံ၊ အမေးစကားကို ပြောဆိုပုံ၊ အားပေးစကား ပြောဆိုပုံ စသည့်အသုံးအနှုန်းများနှင့် အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Was ESifh 'Were' တို့၏ အသုံးအနှုန်းနှင့် ဝါကျတည်ဆောက်ပုံတို့ကို တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။