ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ နို၀င်ဘာလ ၂၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၄၇) ၌ လူသားတို့သဘာ၀ လောဘကြီးမားပုံကို ဖော်ကျူးထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ ကြိုတင်ပူပန်နေခြင်းထက် ကြိုတင်ပြင်ဆင်ခြင်း ဖြင့် အန္တရာယ်ကို ရင်ဆိုင်တော့မည့် ယုန်ပြူးပြူးနှစ်မျက်နှာဇာတ်လမ်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ပညာပေးထားသော နှစ်မျက်နှာ ဇာတ်လမ်းတို့ပါ၀င်ပါသည်။ ထို့အပြင် ပုပုတို့ မြေးအဘွား တစ်မျက်နှာဟာသဇာတ်လမ်းကိုလည်း တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် မြန်မာစာစွမ်းရည်ပြိုင်ပွဲမှ စာစီစာကုံးရေးနည်းကို လေ့လာကြ ရမည်ဖြစ်ပြီး မေတ္တာစေတနာစစ်မှန်ခြင်း၏အကျိုးကို ခံစားခဲ့ရသည့် လူငယ်လေး မောင်ရွှေ အကြောင်းကို ရသမြောက်စွာ ရေးသားထားသော ပုံပြင်ကိုလည်း ဖတ်ရှုကြရမည်ဖြစ်ပါသည်။ ယခုတစ်ပတ်တွင် ကလေးတို့အကြိုက် 'ကာတွန်းပုံ ဆွဲနည်းအဆင့်ဆင့်' နှင့် ပျောက်နေသော သတ္တဝါလေးများကို ရှာဖွေရမည့် 'ဘယ်သူမျက်စိပိုလျင်သလဲ' ကဏ္ဍတို့လည်း ပါ၀င်ပါသည်။
ကလေးတို့ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် နေ့စဉ်သုံးပစ္စည်းအချို့ကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာတွဲလျက် တင်ဆက်ထားပါသည်။ ရွှေသွေး စကားဝိုင်းကဏ္ဍတွင် အလွန်အသုံး၀င်သော နေ့စဉ်သုံးနှုန်းနေသည့် စကားပြောအချို့ကို လည်းကောင်း၊ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Very' ၏ သုံးနှုန်းပုံအမျိုးမျိုးကိုလည်းကောင်း တင်ဆက်ထားရာကလေးများ၏ အင်္ဂလိပ်စာ အရည်အသွေးကို တိုးတက်လာစေမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။