ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ် အောက်ကလေးများ အသိပညာဗဟုသုတရစေရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ (၆-၁၀-၂၀၁၈) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၄၀) တွင် သစ်ခုတ်သမားသည် သူဌေးဖြစ်ပြီအထင်ဖြင့် မိမိလုပ်ကိုင် စားသောက် နေကျပစ္စည်းများကို စွန့်ပစ်ရာမှ တကယ် သူဌေးမဖြစ်ဘဲ မိမိ၏ မိုက်မဲသည့် အပြုအမူအတွက် ကြီးစွာနောင်တရသော သစ်ခုတ်သမားကို သရုပ်ဖော်ထားသည့် ''မိုက်နောင်တ'' မျက်နှာဖုံး ဇာတ်လမ်း၊ အစားကို မဆင်မခြင်စားမိရာမှ ဆေးရုံရောက်ရသော အစော၏အဖြစ်ကို သရုပ်ဖော် ထားသည့် ကျန်းမာရေးပညာပေး ''၀ချင်သူ'' နှစ်မျက်နှာဇာတ်လမ်း၊ ''မိတ်ဆွေကောင်း၏ အကူအညီ'' နှစ်မျက်နှာဇာတ်လမ်း၊ ''ကျောက်ခေတ်ကမ္ဘာ'' တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ၇၃ နှစ်ပြည့်မြောက်တော့မည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအကြောင်းကို ဆောင်းပါး အနေဖြင့် တင်ဆက်ထားပါသည်။ ရသကဏ္ဍတွင် ၀င့်သူခင်၏ သူမအတွက်ဘာမျှအရေးမကြီးသော ကိစ္စအပေါ် လျစ်လျူရှုပစ်နိုင်ခဲ့သော ''ပြေးသူနဲ့လိုက်သူ'' ကလေး၀တ္ထုကို ဖတ်ရှုကြရမည် ဖြစ်ပါသည်။ အထူးကဏ္ဍတွင် အောက်တိုဘာလအတွင်း ကျရောက်သည့် ထူးခြားထင်ရှားနေ့ရက် များအကြောင်းရေးသားထားပြီး ကလေးတို့ ကိုယ်တိုင်ပါ၀င်ခြယ်သ နိုင်မည့် ''ဆေးရောင်လှလှ ခြယ်ကြရအောင်'' ကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။
ယခုတစ်ပတ်အတွက် အင်္ဂလိပ်စာကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာငါးမျိုး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ ဝါကျအတွင်း ထည့်သွင်းသုံးစွဲပုံများကို သရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထား ပါသည်။ ကလေးများအတွက် အင်္ဂလိပ် စကားပြောစွမ်းရည်တိုးတက်စေရန် ရည်ရွယ်တင်ဆက်ထားသော ရွှေသွေး စကားဝိုင်းကဏ္ဍတွင် အမေးအဖြေပုံစံနှင့် စကားစမြည်ပြောခြင်း (Conversation questions and answers) ကဏ္ဍကို သင်ခန်းစာအသစ်အနေဖြင့် စာဖတ်ခြင်း အကြောင်းနှင့်ပတ်သက်ပြီး တင်ဆက်ထားပါသည်။ အင်္ဂလိပ်ဘာသာအတွက် အဓိကကျသော အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင်မူ Simple past tense ကိုသုံး၍ မေးခွန်းရေးသည့်ပုံစံကို ကလေးများ လေ့လာ မှတ်သားနိုင်စေဖွယ်တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။