ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃၉) ၌ အချို့အရာများသည် အခြားသူများအတွက် အဆင်ပြေသော်လည်း မိမိနှင့် မကိုက်ညီတတ်ပုံကို တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်းနှင့် ငယ်စဉ်ကပင် လူသားတိုင်းအတွက် အရေးကြုံလျှင် အသုံးပြုနိုင်မည့် ရှေးဦးသူနာပြုစုခြင်း အတတ်ပညာတို့ကို လေ့လာထားရန် လိုအပ်ပုံကို တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ 'ကျွန်တော် တော်လို့' နှစ်မျက်နှာဇာတ်လမ်းနှင့် 'မှတ်သားလိုက်နာသူ' တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် 'ရုပ်ပုံကြည့်ကာ စာရေးမှာ' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ ထားပြီး ပုံပြင်ကဏ္ဍတွင် မည်သည့်ကိစ္စမဆို စူးစမ်းဆင်ခြင်ဉာဏ်ဖြင့် ဆောင်ရွက်သင့်ပုံကို ပညာပေး တင်ဆက်ထားပါသည်။ အထူးကဏ္ဍအနေဖြင့် ကလေးများ လူ့ကျင့်၀တ်စည်းကမ်းများကို လိုက်နာနိုင်စေရန် ပြည်သူ့နီတိ၊ လောကနီတိကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ပျော်ရွှင်စွာဖြင့် စက္ကူများကို အသုံးပြု၍ လိပ်ပြာရုပ်ကလေးကို ပုံဖော်နိုင်မည့် ''စက္ကူရုပ်ကလေး ခေါက်ကြရအောင်ကဏ္ဍ'' ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ၌ အသီးအချို့၏ အမည်များကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးထားပါ သည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည် တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံ အတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် 'Simple Past Tense' ဖြင့် ရေးသားနည်းအကြောင်းကို ရှင်းလင်းချက်များ၊ လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက
တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်
(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့
ဆက်သွယ်မှာယူနိုင်ပါသည်။