ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများအသိပညာဗဟုသုတရစေရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ (၂၅-၈-၂၀၁၈) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃၄)တွင် ''ဆရာမ၏ သွန်သင်ဆုံးမမှုကြောင့် ဂုဏ်ပြုခံရသူ ကျောင်းသား၊ ကျောင်းသူလေးများ'' မျက်နှာဖုံးဇာတ်လမ်း၊ ''ပြီးစလွယ်ပြောမိလို့ နောင်တရ နေသူ'' နှစ်မျက်နှာ ပညာပေးဇာတ်လမ်း၊ ''မိုးကြိုးအန္တရာယ် ဘယ်လိုကာကွယ်မှာလဲ'' နှစ်မျက်နှာ ပညာပေးဇာတ်လမ်း၊ ကိုစံပြူးနှင့် မပွားစိန် ပါ၀င်သည့် ''ကိုက်လို့ကောင်းတဲ့ ခြေထောက်'' တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် အမွေးထူပင်လယ်ဖျံများ ပုံစံတူအုပ်စုများထဲ၌ ပျောက်ကွယ်မသွားရခြင်းအကြောင်း ရေးသားတင်ဆက်ထားပါသည်။ ရသကဏ္ဍအနေဖြင့် စစ်ဆေးရှောင်ဒုက္ခသည်စခန်းရောက် ကချင်လူမျိုးကျောင်းသားငယ်နှစ်ယောက်၏ ရင်တွင်းခံစားချက်များကို ဖွဲ့သီထားသည့် ''ရွာပြန်ချင်ပြီ'' ကလေး၀တ္ထုကို ဖော်ပြထားပါသည်။ အထူးကဏ္ဍအနေဖြင့် စစ်သူကြီး၀တ်စုံဖြင့် မြင်းစီးနေသည့်ရုပ်ပုံနှစ်ပုံကိုကြည့်ကာ ကွဲလွဲချက်များကို ရှာဖွေရမည် ဖြစ်ပြီး စက္ကူဖြင့် မြေခွေးပုံ လက်ထိုးရုပ်လေးခေါက်ကာ ဆော့ကစားနိုင်မည်ဖြစ်သည်။
အင်္ဂလိပ်စာကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာအချို့၏ အနက်အဓိပ္ပာယ်ကိုဖော်ပြထားပြီး ၀ါကျဖွဲ့ပုံနှင့် သရုပ်ဖော်ပုံတို့ကို လေ့လာနိုင်မည်ဖြစ်သည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful sentence structures' အနေဖြင့် ''where can I.....?''နှင့် ''where there is.......there is...... '' ဝါကျတည်ဆောက်ပုံ တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းချက်များကို ဖတ်ရှုကာ နမူနာဝါကျများကို လေ့လာပြီး အပြန်အလှန်စကားပြောနည်းများဖြင့် လေ့ကျင့်ပြောဆိုနိုင်ပါသည်။ အင်္ဂလိပ်စာ အခြေခံ ခိုင်မာစေသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍအနေဖြင့် future tense ရေးနည်းဖြင့် ထပ်မံ လေ့ကျင့်ကာ simple present tense နှင့်ပင် future အကြောင်းရေးသားနိုင်မည့် simple present for future ခေါင်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းချက်များ၊ လေ့ကျင့်ခန်းများကို တင်ဆက်ထားရာ ကလေးများ နှစ်သက်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။