ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃၃) ၌ ကလေးများအနေဖြင့် မိမိတို့ပတ်၀န်းကျင်တွင် အမြင်မတော်သည်များကို ဖယ်ရှားတတ်စေရန် တင်ဆက်ထားသည့် မျက်နှာဖုံး ဇာတ်လမ်းနှင့် လမ်းတွင် သူတစ်ပါးအား အန္တရာယ်ဖြစ်စေသောအရာများကို ကောက်ယူ ဖယ်ရှာခြင်း မပြုပါက မိမိတွင်လည်း အန္တရာယ်ဖြစ်စေနိုင် ကြောင်းကို တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ မိမိအပေါ် ကျရောက်မည့် အန္တရာယ်ကို စဉ်းစားဆင်ခြင်ကာ ကြိုတင်ကာကွယ်သင့်ပုံ နှစ်မျက်နှာ ဇာတ်လမ်းနှင့် စကားကို ကတ်သီးကတ်သတ် ပြောတတ်သည့် ဖိုးလပြည့် တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''မြ၀တီရုပ်သံနှင့် ဘကြီးဉာဏ်'' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ထားပြီး ပုံပြင်ကဏ္ဍတွင် သူတစ်ပါးအပေါ်ကို ရုန့်ရင်းကြမ်းတမ်းစွာ ဆက်ဆံပါက မိမိတွင်လည်း အကျိုးယုတ်တတ်ပုံတို့ကို ပညာပေးတင်ဆက်ထားပါသည်။ ယခုတစ်ပတ်တွင် ကလေးများ ဗဟုသုတ တိုးပွားစေရန် စစ်ကိုင်းမြို့အကြောင်းကို ဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ၌ အသီးအချို့၏ အမည်များကို အင်္ဂလိပ်- မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးထားပါ သည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည် တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆို သုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် future tense ဖြင့် ရေးသားနည်းတွင် ပါ၀င်သည့် 'Will + V1' အကြောင်းကို ရှင်းလင်းချက်များ၊ လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားရာ ကလေးများအင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။