ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၂၉) ၌ ကလေးများအနေဖြင့် မိမိတို့၏ ဘိုးဘွားပိုင်မြေပေါ်ရှိ သစ်ပင်ဝါးပင်တို့ကို တန်ဖိုးထားတတ်စေရန် တင်ဆက်ထားသည့် မျက်နှာဖုံး ဇာတ်လမ်းနှင့် ကျောင်းသွားရန် အပျင်းကြီးလှသော ဖိုးကဲ၏ ညီငယ်အကြောင်းကို တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ ပူးပုံ၏ သိကြားမင်းပုံဆွဲပုံ နှစ်မျက်နှာဟာသဇာတ်လမ်းနှင့် ဖိုးရှုပ်၏ ဘောလုံးအသင်း တည်ထောင်ပုံ တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''စာစီစာကုံးဆွေးနွေးဦး'' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ ထားပြီး ပုံပြင်ကဏ္ဍတွင် မိမိ၏ အပြစ်ကို မမြင်ဘဲ သူတစ်ပါးအပေါ်ကိုသာ အပြစ်ပုံချတတ်သည့် အကျင့်စရိုက်ရှိသူတို့၏ အဖြစ်အပျက်များကို ပညာပေးတင်ဆက်ထားပါသည်။ ယခုအပတ်တွင် ကလေးများအနေဖြင့် ရုပ်ပုံလေးများကို ဆက်ဆွဲနိုင်မည့် ''ကာတွန်းပုံအဆင့်ဆင့် ဆွဲကြမယ်'' ကဏ္ဍနှင့် ပျောက်နေသည့် ပစ္စည်းလေးများကို ရှာဖွေ နိုင်မည့် ''ဘယ်သူ မျက်စိပိုလျင်သလဲ'' ကဏ္ဍ တို့ကို ထည့်သွင်းဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ယခုတစ်ပတ်ရွှေသွေးဝေါဟာရကဏ္ဍ၌ ငှက်အချို့၏ အမည်များကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည် တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် verb to do ဝါကျ၏ 'present continuous tense' အကြောင်းကို ရှင်းလင်းချက်များ၊ လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားရာ ကလေးများနှစ်ခြိုက်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။