ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၄ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၂၈) ၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးကို ဦးညွှတ် အလေးပြုအပ်ကြောင်း ဂုဏ်ပြုတင်ဆက်သည့် ''အာဇာနည်နေ့တို့မမေ့'' မျက်နှာဖုံး ဇာတ်လမ်း၊ မိမိကိုယ်မိမိအထင်ကြီးလွန်းသူနှင့် လှည့်စားတတ်သူတို့ ပါ၀င်သော ''ဒါလေးများ'' နှစ်မျက်နှာ ပညာပေးဇာတ်လမ်း၊ ''နိုင်ငံ့အကျိုးသယ်ပိုးမည့် စံပြသားကောင်း'' နှစ်မျက်နှာ ဇာတ်လမ်းနှင့် ''ဝေါဟာရ ကြွယ်၀တဲ့ဘယ်ကျော်'' တစ်မျက်နှာ ဟာသဇာတ်လမ်း တို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် သိပ္ပံပညာအကြောင်းကို စိတ်၀င်စားဖွယ် တင်ဆက်ထားသည့် လေ့လာစရာ သိပ္ပံပညာ ဆောင်းပါးကိုဖတ်ရှုကြရမည်ဖြစ်ပြီး ရသကဏ္ဍတွင် အသက်ငယ်ရွယ်သေးသော်လည်း မှန်ကန်သော ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့် အန္တရာယ်မှ လွတ်ကင်းသွားသူ အကြောင်းရေး ဖွဲ့ထားသည့် ''ဉာဏ်ကောင်း၍ သာလျှင်'' ကလေး၀တ္ထုကိုဖတ်ရှု ကြရမည်ဖြစ်သည်။ အထူးကဏ္ဍ အနေဖြင့် ယခုအပတ်တွင် ပြည်သူ့နီတိနှင့် လောကနီတိတို့မှ လမ်းညွှန်ချက်များကို ဖတ်ရှု မှတ်သား နိုင်မည်ဖြစ်ပြီး အမှတ်စက်များကိုဆက်ဆွဲကာ အာကာသယာဉ်ကို ပုံဖော်နိုင်မည် ဖြစ်ပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ယခုတစ်ပတ်တွင် အင်္ဂလိပ်ဝေါဟာရများကို ရင်းနှီးကျွမ်း၀င်မှုရှိစေရန် အသုံးများသည့် ပြုမူဆောင်ရွက်ပုံကြိယာအချို့ကို ရုပ်ပုံနှင့်တကွ ဖော်ပြပေးထားပါသည်။ ကလေးတို့၏ အင်္ဂလိပ် စကားပြောစွမ်းရည်ကို အထောက်အကူပြုမည့် ရွှေသွေး စကားဝိုင်းကဏ္ဍ တွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် what will become of...? နှင့် what can I do for ....? တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းချက်များ၊ နမူနာဝါကျများကို လေ့လာကာ လေ့ကျင့်ပြောဆိုနိုင်မည်ဖြစ်သည်။ အင်္ဂလိပ်စာ တွင်ကျယ်လာသည့် ယနေ့ကာလ၌ အင်္ဂလိပ်စာ အခြေခံကောင်းမွန်စေမည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် verb to do ၏ present continuous tense နှင့် အဖြေဝါကျ၊ အငြင်းဝါကျနှင့် မေးခွန်းဝါကျတို ရေးသားပုံများ၊ present continuous tense နှင့် ရေးလေ့မရှိဘဲ present simple နှင့်သာ ရေးသားရသည့် non progressive verb များအကြောင်း ဖတ်ရှုလေ့လာခြင်းဖြင့် ကလေးများ၏ အင်္ဂလိပ်စာစွမ်းရည် မြင့်မားတိုးတက်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။