ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၇-၇-၂၀၁၈ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၂၇)၌ ဉာဏ်ပညာထက်မြက်သည့် ကိုရွှေယုန်အကြောင်းကို ရေးဖွဲ့ထားသည့် မျက်နှာဖုံး ဇာတ်လမ်းနှင့် မိမိကိုယ်ကိုယ်အထင်ကြီးလွန်းသော ဖိုးလပြည့် နှစ်မျက်နှာဇာတ်လမ်း၊ ကစားမက်သော လင်းပြည့် နှစ်မျက်နှာဟာသဇာတ်လမ်းနှင့် ပူးပုံ၏ 'မပြည့်သေးလို့' တစ်မျက်နှာဟာသ ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် 'ကိုကိုကြီးနဲ့ မမလေး' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ထားပြီး ပုံပြင်ကဏ္ဍတွင် သူတစ်ပါးကို ဒုက္ခရောက်ရန် လုပ်ဆောင်ပါက မိမိတွင်လည်း ဒုက္ခ များတတ်ပုံကို ဖွဲ့နွဲ့တင်ပြထားပါသည်။ ယခုတစ်ပတ်တွင် ကလေးများ လေ့လာဖတ်ရှုနိုင်ရန် ဇူလိုင်လအတွင်း ထူးခြားထင်ရှားနေ့ရက်များအကြောင်း တင်ဆက်ထားပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် အရုပ်လေးများကို ဆေးရောင်ခြယ်သနိုင်မည့် 'ဆေးရောင်လှလှခြယ်ကြ ရအောင်' ကဏ္ဍကိုလည်း ထည့်သွင်း ဖော်ပြထားပါသည်။
ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာ ကဏ္ဍတွင် ငှက်အချို့၏ အမည်များကို သရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်စေရန် အထောက်အကူပြုမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful sentence structures' များကို စိတ်၀င်စားဖွယ် တင်ဆက်လျက်ရှိရာ we'd better နှင့် we may as well တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းချက်များကို ဖတ်ရှုကာ လေ့ကျင့်ပြောဆိုနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာကို ပိုမိုပိုင်နိုင်စေမည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် verb to do ၏ simple present tense အကြောင်းကို ဆက်လက်တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။