ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၃၀ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၂၆) ၌ အမြင်မတူသူနှစ်ယောက်နှင့် အတွေးခေါ်ကောင်းသူတို့ပါ၀င်သော ''ဘယ်နဲ့ ညာ'' မျက်နှာဖုံး ဟာသဇာတ်လမ်း၊ ''သူငယ်ချင်းကောင်းတို့ ထားရှိရမည့် စိတ်နေသဘောထား'' နှစ်မျက်နှာ ပညာပေးဇာတ်လမ်း၊ ''လုံး၀ဥဿုံပင် စမ်းသပ်မကြည့်သင့်သည့်အရာ'' နှစ်မျက်နှာ ပညာပေးဇာတ်လမ်း နှင့် '' အစာအဆိပ်ဖြစ်မှာ စိုးရိမ်သူ'' တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် အရောင်များ၏ သဘာ၀နှင့် အရောင်စပ်ပုံစပ်နည်းများအကြောင်းကို စိတ်၀င်စားဖွယ် တင်ဆက်ထားသည့် ဆောင်းပါးကို ဖတ်ရှုကြရမည်ဖြစ်ပြီး ရသကဏ္ဍတွင်'' ဟန်ဆောင်ဆု'' ယူလာရသူ၏ လာမည့်စာသင်နှစ်တွင် ကြိုးစားအားထုတ်မည်ဆိုသည့်အကြောင်း ရေးဖွဲ့ထား သည့် ကလေး၀တ္ထုကိုဖတ်ရှု ကြရမည်ဖြစ်သည်။ အထူးကဏ္ဍအနေဖြင့် ယခုအပတ်တွင် ပုံတူနှစ်ပုံကို ကြည့်ကာ မတူကွဲပြားသည့် အချက်များကို ရှာဖွေရမည်ဖြစ်ပြီး ဖျံပုံ စက္ကူခေါက် ကာ ဆော့ကစားနိုင်မည် ဖြစ်ပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ယခုတစ်ပတ်တွင် အင်္ဂလိပေ်၀ါဟာရများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသုံးများသည့် ပြုမူဆောင်ရွက်ပုံကြိယာအချို့ကို ရုပ်ပုံနှင့်တကွ ဖော်ပြပေးထား ပါသည်။ ကလေးတို့၏ အင်္ဂလိပ် စကားပြောစွမ်းရည်ကို အထောက်အကူပြုမည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် there is nothing I like better than.... နှင့် we'd better off without..... တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းချက်များ၊ နမူနာဝါကျများကို လေ့လာကာ လေ့ကျင့်ပြောဆိုနိုင်မည်ဖြစ်သည်။ အင်္ဂလိပ်စာ အရေးပါသည့် ယနေ့ခေတ်၌ အင်္ဂလိပ်စာ အခြေခံကောင်းမွန်စေမည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် present simple tence နှင့် present continuous tense တို့၏ အသုံးကို ကွဲပြားသွားစေသည့် အချိန်ပြပုဒ်များ အကြောင်း ဖတ်ရှုလေ့လာခြင်းဖြင့် ကလေးများ၏ အင်္ဂလိပ်စာစွမ်းရည်မြင့်မား တိုးတက်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။