ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၆ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၂၄) ၌ ''ရယူ ခံစားထိုက်သည့် ရိုးသားခြင်းအတွက် ဆုလာဘ်'' မျက်နှာဖုံး ဇာတ်လမ်းနှင့် ''အပျင်းကြီးသူအတွက် ရလဒ်'' နှစ်မျက်နှာ ပညာပေးဇာတ်လမ်း၊ ''တိုင်းပြည်ကို ချစ်မြတ်နိုးသည့် လူငယ်များပါ၀င်သည့် မိုးနဲ့ရေ'' နှစ်မျက်နှာဇာတ်လမ်းနှင့် ''ရေမသောက် သုံးကောင်'' တစ်မျက်နှာ ဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် လူ့ခန္ဓာကိုယ်အတွင်းသွေးများ လှည့်ပတ်စီးဆင်းပုံကို စိတ်၀င်စားဖွယ် တင်ဆက်ထားသည့် ဆောင်းပါးကို ဖတ်ရှုကြရမည်ဖြစ်ပြီး ရသကဏ္ဍတွင် ယနေ့ကာလ၌ ကျောင်းသား ကျောင်းသူများအနေဖြင့် စာစီစာကုံးများရေးသားဖြေဆိုရာ၌ ဆောင်ရန် ရှောင်ရန် စည်းကမ်းချက်များ အကြောင်း ဖွဲ့နွဲ့တင်ပြထားသည့် ''စာစီစာကုံးဘုရင်မ'' ကလေး၀တ္ထုကို ဖတ်ရှုကြရမည် ဖြစ်သည်။ အထူးကဏ္ဍအနေဖြင့် ယခုအပတ်တွင် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့အကြောင်း ကို စေ့စေ့စုံစုံ တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ယခုတစ်ပတ်တွင်ကလေးတို့၏ အင်္ဂလိပ်ဝေါဟာရများ ကောင်းမွန် တိုးတက်စေရန် အသုံးများသည့် ပြုမူဆောင်ရွက်ပုံကြိယာ အချို့ကို ဖော်ပြပေးထားပါသည်။ ကလေးတို့၏ အင်္ဂလိပ် စကားပြောစွမ်းရည်တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် thank you for နှင့် the first thing I am going to do when .... is .... တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းချက်များကို ဖတ်ရှုပြီး လေ့ကျင့်ပြောဆို နိုင်မည်ဖြစ်သည်။ အင်္ဂလိပ်စာအရေးပါသည့် ယနေ့ခေတ်၌ အင်္ဂလိပ်စာ အခြေခံ ကောင်းမွန်စေမည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် present continuous tense နှင့်စပ်လျဉ်း၍ ထပ်မံမှတ်သားရမည့် အချက်များ၊ သတိပြုရမည့်အချက်များကို ဖတ်ရှုလေ့လာခြင်းဖြင့် ကလေးများ၏ အင်္ဂလိပ်စာ စွမ်းရည်မြင့်မားတိုးတက်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။