ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၂၃) ၌ ကလေးများအနေဖြင့် သဘာ၀ကပေးသော အလှတရားများကို တန်ဖိုး ထားတတ်စေရန် တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်းနှင့် ကစားသန်သည့် ဖိုးပိန်တို့ နှစ်ယောက် နှစ်မျက်နှာဇာတ်လမ်း၊ သားသမီးများ မိဘကျေးဇူးသိတတ်စေရန် တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ''ရန်ပိုင်စိုး'' တစ်မျက်နှာဇာတ်လမ်း တို့ကို တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''စပ်တူကဗျာရေးကြမယ်'' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ထားပြီး ပုံပြင်ကဏ္ဍတွင် မည်မျှပင် တန်ဖိုးရှိပါစေ တန်ဖိုးသိမှသာ အဖိုးတန်ပစ္စည်း ဖြစ်ကြောင်းကို ပညာပေးထားပါသည်။ ထို့ပြင် ကလေးများ လူ့ကျင့်၀တ်စည်းကမ်းများကို လိုက်နာ နိုင်စေရန် ပြည်သူ့ နီတိ၊ လောကနီတိကဏ္ဍကို တင်ဆက်ထားပြီး dot to dot ပုံဆွဲကြမယ်ကဏ္ဍကို လည်း တင်ဆက်ထားပါသည်။
ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံကြိယာအချို့ကို လေ့လာနိုင်မည် ဖြစ်ပြီး ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆို သုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'present progressive, present continuous tense' ဆိုင်ရာ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ ဝါကျတည်ဆောက်ပုံတို့ကို နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက် ထားရာ ကလေးတို့၏ အင်္ဂလိပ်စာအခြေခံကို ကောင်းမွန်လာစေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။