ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ်(၁)၌ လောကတွင် အားအကိုးရဆုံးနှင့် သစ္စာအရှိဆုံး မိတ်ဆွေစစ်သည် အတတ်ပညာသာ ဖြစ်ကြောင်းကို ပညာပေးတင်ဆက်ထားသည့် “မိတ်ဆွေစစ်” မျက်နှာဖုံးကာတွန်း၊ ငှက်ကလေးကို စေတနာ မေတ္တာထားပြီး ပြုစုစောင့်ရှောက်ခဲ့သော ပုပုတို့သူငယ်ချင်းတစ်စုသည် ငှက်ကလေးအပေါ် သံယောဇဉ် ဖြစ်သွားပုံအကြောင်းကို တင်ဆက်ထားသည့် “သံယောဇဉ်” နှစ်မျက်နှာကာတွန်း၊ အရာရာကို စူးစမ်းဆင်ခြင်စိတ်ရှိသောကြောင့် အန္တရာယ်မှ လွတ်မြောက်ခဲ့ရသည့် ယုန်ကလေးအကြောင်းကို ပညာပေး တင်ဆက်ထားသည့် “စူးစမ်းတတ်တဲ့ ယုန်ကလေး” နှစ်မျက်နှာကာတွန်း၊ စိန်မျောက်မျောက်နှင့် သူ၏ သူငယ်ချင်းများအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “စိန်မျောက်မျောက်”နှစ်မျက်နှာကာတွန်း၊ မိမိ၏ အိမ်ပတ်ဝန်းကျင်ရှိ ခွေးကလေးကို အရောင်ဒီဇိုင်းစုံလင်စွာ ခြယ်သပေးပုံအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ရွှေချည်ဇာနှင့် အရောင်ခြယ်” နှစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ၂၀၂၁ခုနစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်းကို ဂုဏ်ပြုတင်ဆက်ထားသည့် “လွတ်လပ်ရေးနေ့ တို့မမေ့” သုတဆောင်းပါး၊ လူအများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ပြုလုပ်သင့်သည့် နီတိကျင့်ဝတ်များကို လမ်းညွှန်ထားသည့် ဆုံးမစာ ကို ရွှေသွေးတို့ ဗဟုသုတရရှိစေရန် ရေးသားထားသည့် “ပျူပျူငှာငှာ လူတကာကို” သုတကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် စကားကို ပြီးဆုံးအောင် နားမထောင်ဘဲ အလုပ်ကို ဆိုးဆိုး ဆတ်ဆတ်ထလုပ်တတ်သည့် မောင်ငြိမ်၏အကျင့်ဆိုးကြောင့် ဖခင်၏အပြစ်ပေးခံရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “မောင်ငြိမ် ဒေါင်းပုန်းသွား” ကလေးဝတ္ထုတိုကို ဖတ်ရှူရမည် ဖြစ်ပါသည်။ ထို့ပြင် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ၅၂ နှစ်မြောက် ရွှေသွေးဂျာနယ်တို့အား ဂုဏ်ပြုတင်ဆက်ရေးသားထားသည့် “ရွှေသွေး မွေးနေ့မင်္ဂလာ” ကဗျာကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အခြေခံ အင်္ဂလိပ်သဒ္ဒါနှင့် ပတ်သက်၍ အင်္ဂလိပ်စာဝါကျအတွင်း Article အသုံးပြုပုံအကြောင်းကို ရှင်းလင်းဖော်ပြထားပြီး လေ့ကျင့်ခန်းသစ်များကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉ - ၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း - ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။