ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၁၉) ၌ ''သူတစ်ပါးကိုသာ အပြစ်ရှာလေ့ရှိသူ'' မျက်နှာဖုံးဇာတ်လမ်း၊ ''အဆော့သန်တဲ့ ညီအစ်ကိုနှစ်ယောက်'' နှစ်မျက်နှာ ဇာတ်လမ်း၊ ''ခရီးသွား ဆေးဆရာနှင့် ပညာတန်ဖိုး'' နှစ်မျက်နှာဇာတ်လမ်း၊ ''မေတ္တာထားတတ်တဲ့ ဖိုးရှုပ်'' တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ''ကာရန်ရှာတာ ပျော်စရာ'' ဆောင်းပါးကို ဖတ်ရှုကြရမည်ဖြစ်ပြီး ရသကဏ္ဍတွင် ဘ၀တူများအပေါ် စေတနာမထားနိုင်၍ ဒုက္ခရောက်သော မျောက်ငယ်တစ်ကောင်အကြောင်း ဖတ်ရှုကြရမည်ဖြစ်သည်။ အထူးကဏ္ဍအနေဖြင့် ယခုအပတ်တွင် ပြည်သူပြည်သားများ အကျိုး စီးပွားတိုးတက်အောင် နိုင်ငံသားတိုင်း စောင့်ထိန်းရမည်တို့ကို လမ်းညွှန်ထားသည့် ပြည်သူ့နီတိနှင့် လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်၀တ် လူမှုစည်းကမ်းများဆိုင်ရာ လမ်းညွှန်ထား ချက်များဖြစ်သည့် လောကနီတိတို့ကို ဖတ်ရှုရမည်ဖြစ်သည်။ ၎င်းအပြင် ရေအောက်ကမ္ဘာ၌ ရေငုပ်သမားလေးတွေ့ရှိရသော သတ္တ၀ါတစ်ကောင်၏ ပုံတွင် ၁ မှ ၃၈ အထိ အမှတ်စက်များ ပေးထားရာ ဖြည့်စွက်ဆွဲခြင်းဖြင့် ရေသတ္တဝါတစ်ကောင် ပုံသဏ္ဌာန်ပေါ်လွင်လာမည်ဖြစ်သည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ယခုတစ်ပတ်ရွှေသွေးဝေါဟာရကဏ္ဍ၌ အသုံးများသည့် ပြုမူ ဆောင်ရွက်ပုံ ကြိယာအချို့ကို ဖော်ပြပေးထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည်တိုးတက်စေမည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆို သုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအရေးပါသည့် ယခုခေတ်၌ အင်္ဂလိပ်စာအခြေခံအတွက် အဓိကကျသည့် ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် verb to do ဝါကျ၏ simple present tense အကြောင်းကိုရှင်းလင်းချက်များ၊ လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားရာ ကလေးများ နှစ်ခြိုက်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။